Articles

နံပါတ် 7 အစား 25 ကို ဆန်ချို ဘာကြောင့်ရွေးချယ်လိုက်ရတာလဲ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျာမန်ကလပ် ဒေါ့မန်အသင်းကနေ ပေါင် ၇၃ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားသစ် ဂျေဒန် ဆန်ချိုကို တရားဝင်မိတ်ဆက်ပေးအပြီးမှာ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သားဟာ ကျောနံပါတ် ၂၅ ကို ဝတ်ဆင်သွားမယ်လို့ ဆက်လက်အတည်ပြုသွားခဲ့ပါတယ်။

Getty Images
Getty Images

အဆိုပါမန်စီးတီးလူငယ်ကစားသမားဟောင်းဟာ အိုးထရက်ဖို့ဒ်ရဲ့ အစဉ်အလာကြီးမားတဲ့ နံပါတ် ၇ ဂျာစီကို ဝတ်ဆင်ကစားသွားမယ်လို့ နာမည်ကြီးပြီး အပြောင်းအရွှေ့တရားဝင်မဖြစ်ခင်မှာ ရေပန်းစားခဲ့သလို ဖြစ်မလာခဲ့ဘဲ အသင်းမှာ လွတ်နေတဲ့ ကျောနံပါတ်တွေထဲက နံပါတ် ၂၅ ကိုသာ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

Getty Images

ဒီနေ့ခေတ်မှာတော့ ဘောလုံးလောကရဲ့ နာမည်ကြီးတွေဟာ သူတို့ရဲ့ပုံရိပ်တွေကို ကိုယ်ပိုင် Trademark ဖြစ်တဲ့ ကျောနံပါတ်နဲ့ တည်ဆောက်လေ့ရှိတာဟာ ခေတ်သစ်ရေစီးကြောင်းတခုဖြစ်လာပြီး အသင်းတသင်းမှာ ဘယ်ကျောနံပါတ်ကို ဝတ်ဆင်ခွင့်ရသလဲဆိုတာ ကစားသမားတယောက်ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်ပါတယ်။

Getty Images

ဒေါ့မန်အသင်းမှာတော့ ကျောနံပါတ် ၇ နဲ့လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဆန်ချိုဟာ ယူနိုက်တက်မှာတော့ ဝါရင့်တိုက်စစ်မှူးကာဗာနီကို ညှိနှိုင်းခွင့်မရခဲ့ဘဲ သူ့ဆန္ဒကို လက်လျှော့ခဲ့ရတယ်လို့ သတင်းထွက်လာခဲ့သလို ဥရုဂွေးသားကြီးကြောင့် သူလိုချင်တဲ့ နံပါတ် ၇ ကို ဆင်မြန်းဖို့ ၂+၅=၇ ဆိုတဲ့ ကိန်းဂဏန်းတန်ဖိုးထွက်တဲ့ ၂၅ ဂျာစီကိုသာ လက်ခံလိုက်ရကြောင်း ဖော်ပြခံနေရပါတယ်။

Getty Images

ယူနိုက်တက်မှာ နံပါတ် ၂၅ ကို အန်တိုနီယို ဗလင်စီယာ၊ အိုဒီယွန် အီဂါလို၊ ကွင်တန် ဖော်ကျွန်းနဲ့ ဂျော်ဒီ ခရိုက်ဖ်တို့ကလည်း ဝတ်ဆင်ခဲ့ဖူးသလို ဆန်ချိုအနေနဲ့ အိပ်မက်ပြဇာတ်ရုံကြီးရဲ့ အထူးစပါယ်ရှယ်နံပါတ်ဖြစ်တဲ့ ၇ ကို ကာဗာနီထွက်ခွာသွားမှသာလျှင် ဝတ်ဆင်ကစားခွင့်ရတော့မယ်လို့လည်း သိရှိရပါတယ်။

Getty Images

ဒါဟာ ယူနိုက်တက်ပရိသတ်တွေရဲ့ မျှော်မှန်းချက်နဲ့ လွဲချော်ခဲ့ပြီး ရုတ်တရက်အံ့အားသင့်စရာလည်း ဖြစ်လာခဲ့သလို ဂျော့ချ်ဘတ်စ်၊ ဘရိုင်ယန် ရော့ဘ်ဆန်၊ အဲရစ် ကန်တိုနာ၊ ဒေးဗစ် ဘက်ခမ်း၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို နံပါတ် ၇ ဂန္ထဝင်ကစားသမားတွေရဲ့ ခြေရာကို တထပ်တည်းနင်းမယ့် လူငယ်ပါရမီရှင်လေး ဆန်ချိုဖြစ်လာမလားဆိုတဲ့ ထင်ကြေးတွေကိုလည်း အနည်းငယ်စိတ်မသက်မသာ ဖြစ်သွားစေခဲ့တာပါ။

Getty Images

ဆန်ချိုရဲ့ အနှစ်သက်ဆုံးကျောနံပါတ်ကတော့ နံပါတ် ၇ ပြီးရင် နံပါတ် ၁၇ ဖြစ်ပြီး သူ့အနေနဲ့ ဒီမာရီယာ၊ မမ်းဖစ် ဒီပိုင်း၊ အလက်ဆစ် ဆန်းချက်ဇ်တို့လို နံပါတ် ၇ ကျိန်စာမသင့်တော့ဘူးလို့ ဝမ်းမြောက်မှုတွေလည်း ရှိနေချိန်မှာ စိန်ခေါ်မှုတွေကိုမှ တောင့်တတဲ့ နံပါတ် ၇ ကမ္ဘာ့အဆင့် တောင်ပံကစားသမားအဖြစ် ရည်မှန်းမှုအတွက် ဆန်ချိုဟာ JS7 ဖြစ်လာဖို့ ကာဗာနီရဲ့ထွက်ခွာခြင်းကို စောင့်ဆိုင်းရဦးမှာဖြစ်သလို ဒါဟာ လူငယ်သွေးသစ်လေးကို နေရာမပေးချင်တဲ့ အသက် ၃၄ နှစ်သားကြီးရဲ့ စိတ်ထားမလှ ရက်စက်ယုတ်မာမှု ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ယူနိုက်တက်ရပ်ဝန်းမှာ ဂယက်ရိုက်နေပြီဖြစ်ပါတယ်။