Spots news

မက်ဆီ၊ ရော်နယ်ဒို ငြင်းခုန်မှုမှာ မက်ဆီက အကောင်းဆုံးပါ ဆိုလိုက်တဲ့ ကာဆာနို

ဘောလုံးလောကရဲ့ မပြီးဆုံးနိုင်တဲ့ အငြင်းပွားမှု တခုဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူပိုကောင်းလဲ ဆိုတဲ့ အငြင်းအခုန် ပြိုင်ပွဲကို အီတလီ လက်ရွေးစင်ဟောင်းကြီး ကာဆာနို တယောက် ဝင်ရောက်လာခဲ့ပါတယ်

ကာဆာနိုက မက်ဆီဟာ မိုက်ကယ်ဂျော်ဒန်၊ ဖက်ဒါရာ၊ မာရာဒိုနာတို့လို ပါရမီရှင် ကစားသမား ဖြစ်ပြီး ​​ရော်နယ်ဒိုကတော့ ပါရမီကို လုပ်ယူထားသူသာ ဖြစ်တယ်လို့ ကာဆာနိုက ဆိုပါတယ်။

ဒါ့အပြင် ကာဆာနိုက မက်ဆီက အသင်းပေါ်ကို အဖက်ဖက်က အကူညီ ပေးတတ်ပြီး ရော်နယ်ဒိုကတော့ ဆိုရှယ် မီဒီယာထက် ရေပန်းစားဖို့ ပိုပြီး ဂရုစိုက် အားထုတ်တယ်တယ်လို့ ရီးရဲ မက်ဒရစ် ကစားသမားဟောင်းကြီး ကာဆာနိုက ဆိုခဲ့ပါတယ်။

” ခရစ္စတီယာနိုက ပါရမီကို ကိုယ်တိုင် လုပ်ယူထားတဲ့ သူတယောက်သာ ဖြစ်တယ်။ ဒါကို ခင်ဗျားတို့ သူ့ရဲ့ လူမှုကွန်ရက်တွေက တဆင့် ကြည့်ရင် သိနိုင်ပါတယ်။”

” ရော်နယ်ဒိုက မက်ဆီလောက် မကောင်းဖူးဆိုတဲ့ ဝေဖန်မှုမျိုးတွေ ရှိနေတာပဲ။ ဘောလုံးလောကမှာ သူတို့ ၂ ယောက်က တမျိုးတဘာသာ ကွဲပြားခြားနားတဲ့ သူတွေပါ။ နှိုင်းယှဉ်လို့ မရဖူး။”

” ရော်နယ်ဒိုက ကြံခိုင်မှုကို အသားပေးတယ်။ ပါရမီကို ကိုယ်တိုင် လုပ်ယူထားတဲ့ သူမျိုးပါ။ မက်ဆီက ကျတော့ ဖက်ဒါရာ၊ မိုက်ကယ် ဂျော်ဒန်၊ မာရာဒိုနာ တို့လို့ ပါရမီရှင်။”

” မက်ဆီလို ကစားသမားမျိုးက ဘဝမှ နောက်တခါ မြင်ရဖို့ မလွယ်ဖူး။ သူက နဂို ပါရမီကို ပါလာတာ။သဘာဝ တရားကြီးက လက်ဆောင်ပေးတဲ့ ပါရမီမျိုးပေါ့။” ဆိုပြီး ကာဆာနိုက ဆိုပါတယ်။

မက်ဆီတယောက် ဘာစီလိုနာ အသင်းမှာ ဂွာဒီယိုလာ ကိုင်တွယ်စဉ်က နာမည်ကျော် ကစားသမားတွေ ဖြစ်နဲ့ ဇာဗီ၊ အင်နီယေစတာတို့ကြောင့် အောင်မြင်ခဲ့တယ် ဆိုတာကို ကာဆာနိုက

လက်မခံပဲ မက်ဆီကြောင့် တချို့ ကစားသမားတွေ အောင်မြင်မှုဆိုတာကို သိခွင့် ရခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

” ကျွန်တော် မကြာ ခန ကြားနေရတယ်။ မက်ဆီက ကောင်းပေ့ဆိုတဲ့ ကစားသမားတွေနဲ့ ဘာစီလိုနာအသင်းမှာ တွဲကစားခဲ့ရတယ်လို့ ဆိုကြတယ်။ ကျွန်တော် သိသလောက်တော့ ဇာဗီ၊ အင်နီယေစတာ တို့ပဲ ရှိပါတယ်။ ပြီးတော့ ရော်နယ်ဒင်ဟိုရောပေါ့။”

” ဒါပေမယ့် မက်ဆီကြောင့် ပက်ဒရိုတို့၊ ဒန်နီ အဲဗက်တို့၊ မာရှေယာနိုတို့လို ကစားသမားတွေ ချန်ပီယံ ဖြစ်လာတယ်။

မက်ဆီက တခြား ကစားသမား တော်တော်များများကို သူ့ရဲ့ ပါရမီနဲ့ အောင်မြင်စေခဲ့တယ်။”

“ရော်နယ်ဒိုရဲ့ ရည်မှန်းချက်က ကြတော့ ဂိုးတွေ သွင်းဖို့ပဲ။ အသင်းကို ဖန်တီးမှုတွေ လုပ်ဖို့၊ အကူညီပေးဖို့ မစဉ်းစားဖူး။

မက်ဆီက ကျတော့ အသင်းကို အဖက်ဖက်က အကူညီပေးတယ်။ သူက ကျွန်တော့် အကြိုက် ကစားသမား ပါလို့ ဆိုပါတယ်။”

ကာဆာနိုဟာ သူ့ရဲ့ ဒုတိမြောက် သားရဲ့ အမည်မှာ လီယွန်နယ် ဆိုတဲ့ နာမည်ကို ထည့်သွင်းခဲ့တာ ကြည့်ခြင်းအားဖြင့် ရီးရဲမက်ဒရစ် ကစားသမားဟောင်း တဦး ဆိုပေမယ့် မက်ဆီရဲ့ ပရိတ်သတ် ဖြစ်ခဲ့တာ သိသာပါတယ်။

ကာဆာနိုဟာ ရီးရဲမက်ဒရစ် ကစားသမား ဘဝမှာ အောင်မြင်မှု မရခဲ့ပဲ ” အစားအသောက်ရယ် လိင်ဆက်ဆံတာရယ် ဘောလုံးအားကစားရယ်က ဘဝမှာ အကောင်းဆုံး အရာတွေပါပဲ။

” ဆိုတဲ့ သူ့ရဲ့ ပြောစကားက ထိုစဉ်က လူပြောများခဲ့ပါတယ်။

ဘာပဲပြောပြော မက်ဆီဟာ ဘောလုံးအားကစားမှာ တဖက်ကမ်းခတ်တဲ့ ပါရမီရှင် တယောက်လို့ ဆိုရမှာ ဖြစ်ပြီး

ရော်နယ်ဒိုကတော့ လူသားတယောက်ရဲ့ ရှိသမျှ စွမ်းအားတွေကို အသုံးချပြီး ဘောလုံးကွင်းတွေ အတွင်း ခြေစွမ်းပြဖို့ ပါရမီကို လုပ်ယူခဲ့တယ် လို့သာ ဆိုရပါမယ်။