အီတလီ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ နက်ဗက်ကတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ရိုနယ်ဒိုဟာ အသင်းမှာ နောက်ထပ် တရာသီ ဆက်ကစားသွားမယ်လို့ အတည်ပြု ပြောကြား သွားခဲ့ပါတယ်။
အသက် ၃၆နှစ် အရွယ် ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာမယ့် ကစားသမား အဖြစ် နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။

Photo Credit: Marca
ရိုနယ်ဒိုဟာ ၂၀၁၈ခုနှစ်မှာ စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း ကနေ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၁၇သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၃၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀၁ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂၂ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့သူပါ။
ဒါကြောင့်ပဲ ရိုနယ်ဒိုကို ဂျူဗင်တပ်အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ရှုမြင်ထားကြပြီး ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒိုနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ နည်းပြ အယ်လီဂရီနီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ပြန်လည် ခန့်အပ်ပြီးတဲ့နောက်မှာတော့ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

Photo Credit: Marca
ဒါပေမယ့် လက်ရှိမှာတော့ ဂျူဗင်တပ်အသင်းရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ နက်ဗက်က ရိုနယ်ဒို အသင်းကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ပယ်ချသွားသလို ရိုနယ်ဒိုဟာ အသင်းမှာ ဆက်လက် ရှိနေမယ် ဆိုပြီး အတည်ပြု သွားခဲ့ပါတယ်။
ရိုနယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး နက်ဗက်က – “ရိုနယ်ဒိုက တနင်္လာနေ့မှာ ကျွန်တော်တို့ အသင်းဆီ ပြန်လာမှာပါ။ ပြီးတော့ သူက အသင်းမှာပဲ ဆက်ပြီး ရှိနေပါလိမ့်မယ်” လို့ အတည်ပြု သွားတာလည်း ဖြစ်ပါတယ်။