Spots news

လီဗာပူးလ်နဲ့ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် လွဲချော်မယ့် ဆောက်သမ်တန်ဂိုးသမား မက္ကာသီ

ပရီးမီးယားလိဂ်ပွဲအဖြစ် လီဗာပူးလ်အသင်းနဲ့ ဒီနေ့ည ကစားမယ့်ပွဲကို ဆောက်သမ်တန်အသင်း ဂိုးသမားအဲလက်စ်မက္ကာသီတယောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လွဲချော်တော့မှာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဂိုးသမားဟာ အမှတ်ပေးပွဲ ၁၆ ပွဲမှာ ၇ ပွဲတိတိ ပေးဂိုးမရှိတဲ့ မှတ်တမ်းကောင်း ရထားပြီး၊ အခု အချိန်မှာတော့ နေအိမ်မှာ သီးသန့်နေထိုင်နေရပါတယ်။

မက္ကာသီဟာ ကိုရိုနာကြောင့် လီဗာပူးလ်ပွဲအပြင် လာမယ့် စနေနေ့မှာ အက်ဖ်အေဖလား တတိယအဆင့်အဖြစ် လိဂ်ဝမ်းကလပ် ရှူးဘူရီတောင်းအသင်းနဲ့ ကစားမယ့်ပွဲကိုပါ လွဲနိုင်တယ်လို့ ဆောက်သမ်တန်အသင်း မန်နေဂျာ ရာဟာဆန်ဟတ်က ထပ်လောင်း ပြောဆိုပါတယ်။

“နောက်ဆုံးအကြိမ် ဆေးစစ်ပြီးတော့ အသင်းမှာ မက္ကာသီတယောက်ပဲ ကိုရိုနာဒဏ် ခံရတော့တယ်။ ဒီည ပွဲကို သူ လွဲမှာ သေချာတယ်၊ အက်ဖ်အေဖလားပွဲတောင် လွဲချင်လွဲဦးမယ်။ အချိန်အတိုင်းအတာတခု အထိတော့ အိမ်တွင်းအောင်းနေရဦးမှာပဲ” လို့ ဟာဆန်ဟတ်က ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဆောက်သမ်တန် ကစားသမား ၂ ဦးဖြစ်တဲ့ ဗက်စတာဂတ်နဲ့ ရက်ဒ်မွန်တို့ဟာ ဒဏ်ရာတွေကြောင့် နားနေရဆဲ ဖြစ်ပါတယ်။

ဆောက်သမ်တန် အသင်းမှာ ဒဏ်ရာကြောင့် နားနေရသူတွေ ရှိသလို၊ လီဗာပူးလ်အသင်းမှာလည်း နောက်ခံလူ မာတစ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဝက်စ်ဘရွန်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ရခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် ၃ ပတ်ကြာ နားနေရမယ်လို့ သိရပြီး ယခုတိုင် နားနေရဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြားရက်က နယူးကာဆယ်နဲ့ပွဲမှာ ခြေစွမ်းကောင်းတွေ ပြနိုင်ခဲ့တဲ့ သီယာဂိုအယ်ကန်တာရာကတော့ လီဗာပူးအသင်း ပထမပွဲထွက်စာရင်းမှာ ပါလာဖို့ အခြေအနေကောင်းနေပါတယ်။