Spots news

လီပါပူးကို နိုင်တာကြောင့် မျက်ရည်ကျတဲ့ အထိ ပီတိဖြစ်ခဲ့တဲ့ ဆောက်သင်တမ် နည်းပြ

လီပါပူးအသင်းကို အနိုင်ရခဲ့ပြီးနောက် ဆောက်သမ်တမ် နည်းပြဖြစ်သူက သူ့ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ဝေ့နေခဲ့ရတယ်လို့ ဆိုခဲ့ပြီး အဆိုပါ မျက်ရည်တွေဟာ လီပါပူးလို အသင်းကြီးကို အနိုင်ရတယ်ဆိုတဲ့ စိတ်ခံစားချက်ကြောင့် မဟုတ်ပဲ လေတိုက်တာကြောင့်သာ ဖြစ်တယ်လို့ ဟာသ လုပ်သွားခဲ့ပါတယ်။

ဆောက်သင်တမ် အသင်းဟာ ပွဲ အစ ၂ မိနစ်မှာ သွင်းယူတဲ့ ဒန်နီအင့်ရဲ့ သွင်းဂိုး တဂိုးက ပရီးမီးယားလိဂ် ချန်ပီယံတို့ကို အမှတ်ဗလာနဲ့ အိမ်ပြန်စေဖို့ လုံလောက်ခဲ့ပါတယ်။ အံ့ဩ စရာ ကောင်းတဲ့ အချက်က ထက်မြက်လှတဲ့ လီပါပူး အသင်း တိုက်စစ်ဟာ ပွဲချိန် ၇၅ မိနစ်ထိ ဂိုးပေါက် ခြိမ်းခြောက်မှု တကြိမ်မှ မရှိခဲ့ပါဖူး။

ပွဲသိမ်း ခရာမှုတ်ပြီး ချိန်မှာတော့ ဆောက်သင်တမ် နည်းပြကြီးဟာ ကွင်းဘေးမှာ ဒူးထောက်လို့ မျက်ရည်စတွေ ဝေ့နေတဲ့ အထိ အသင်းရဲ့ နိုင်ပွှဲကို ခံစားသက်ဝင်ခဲ့ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ ဒီမျက်ရည်စတွေဟာ လေတိုက်လို့သာ ဖြစ်တယ်လို့ ဟာသ လုပ်သွားခဲ့ပါတယ်။

” ကျွန်တော့် မျက်လုံးထဲမှာ မျက်ရည်စတွေ ဝေ့နေတယ်။ အမှန်က လေတိုက်တာကြောင့်ပါဗျာ။” ဆိုပြီး ဆောက်သင်တမ် နည်းပြ ဟာဟစ်တယ်က ပွဲအပြီး ဟာသ လုပ်သွားခဲ့ပါတယ်။

” ကျွန်တော့် ကစားသမားတွေ ရှိသမျှအကုန် ပေးဆပ်ပြီး ကွင်းထဲ ကစားနေတာ မြင်ရတဲ့ အတွက် ဂုဏ်ယူတာ။ လီပါပူးနဲ့ ရင်ဆိုင်တဲ့ အခါမှာ အဖက်ဖက်က ပြည့်စုံနေဖို့ လိုတယ်။ ကျွန်တော့် ကစားသမားတွေ အဲ့ဒီလို လုပ်နိုင်ခဲ့တယ်။”

” ကျွန်တော်တို့ ကြီးမားတဲ့ ဖိအားအောက်မှာ ကစားခဲ့ရတာ။ ဧရိယာ တဝိုက် ခုခံကစားပုံက ဒီနေ့ပွဲစဉ်ရဲ့ သော့ချက် ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ အကောင်းဆုံး ကစားပွဲကို ကောင်းမွန်တဲ့ ချဉ်းကပ်မှုနဲ့ ကစားနိုင်ခဲ့တာပါ။”

” တော်တော် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲပါပဲ။ ကျွန်တော့် အသံဆို ဝင်လုနီးပါးပဲ။ ကောင်လေးတွေက သိပ်ကို မောပန်းနေပြီ။ ဒါပေမယ့် လီပါပူးလို အသင်းကို နိုင်ဖို့ ဆိုရင် ကျွန်တော်တို့ အပင်ပန်းခံမှ ရမယ်။ ကိုယ်လုပ်တဲ့ အရာကို ယုံကြည်နိုင်မှ ရမယ်။”

” ပွဲချိန် ၉၂ မိနစ်ရောက်တော့ အိုကေ။ ငါတို့ တစုံတခုတော့ ရနိုင်ခဲ့ပြီ။ အသင်းအတွက် ပြီးပြည့်စုံတဲ့ ညနေခင်းတော့ ဖြစ်ပြီလို့ တွေးမိခဲ့တယ်။” ဆိုပြီး ဆောက်သင်တမ် နည်းပြကြီးက ဆိုပါတယ်။

လီပါပူးအသင်းဖက်ကို အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဒန်နီအင့်က နည်းပြ ဟာဟစ်တယ်ရဲ့ ဘောလုံး အားကစား အပေါ် ရူးသွပ်မှုက ဆောက်သင်တမ် အသင်းကို အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်စေတယ်လို့ အခုလို ဆိုပါတယ်။

” သူက နှစ်လိုဖွယ် ကောင်းတယ်။ ပြီးတော့ ကစားပွဲတွေကို ခုံမင် ရူးသွပ်တယ်။ ဒီလိုမြင်ရတာ ကျွန်တော်တို့လို ကစားသမားတွေ အတွက် သိပ်ကို ကောင်းတယ်။ ကျွန်တော်တို့ကလဲ သူ့အတွက်ဆို ရှိသမျှ အကုန် ပေးဆပ် ကစားတယ်။”

” လွန်ခဲ့တဲ့ ရာသီတွေတုန်းက ကျွန်တော်တို့ ရုန်းကန်ခဲ့ရတယ်။ ဒီရာသီက ခက်ခဲပေမယ့် အကောင်းဆုံး စတင်နိုင်ခဲ့တယ်။ ပြီးတော့ တိုးတက်နေအောင် လုပ်နေမှရမယ်။ ရပ်တန့်နေလို့ မရဖူး။ ဆက်လ​က်ချီတက်နေရမယ်။ ” ဆိုပြီး အနိုင်ဂိုးရှင် ဒန်နီအင့်က ဆိုခဲ့ပါတယ်

ပြီးခဲ့တဲ့ ရာသီက အဆင့် ၁၁ မှာ ရပ်တည်ခဲ့ပေမယ့် ဆောက်သင်တမ် အသင်း ရာသီအစမှာ ရုန်းကန်ခဲ့ရသေးပါတယ်။ ဒါပေမယ့် နောက်ပိုင်း ခြေစွမ်းတည်ငြိမ်လာမှုနဲ့ အတူ လက်ရှိ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

လာမယ့် တပတ်မှာတော့ အက်ဖ်အေဖလား ပွဲစဉ်တွေခကစားရမှာဖြစ်ပြီး၊ ပရီးမီးယားလိဂ် ပွဲစဉ်တွေကတော့ ဇန်နဝါရီလ ၁၆ ရက်နေ့မှ တကျော့ပြန်လည် ရောက်ရှိလာမှာပါ။