Spots news

ရော်နယ်လ်ဒိုပါပြီး မက်ဆီမပါဝင်ခဲ့တဲ့ ပြင်သစ်မဂ္ဂဇင်းရဲ့ ၂၀၂၀ ခုနှစ် ကမ္ဘာ့အကောင်းဆုံးအသင်း ကစားသမား ၁၁ ယောက်

၂၀၂၀ ခုနှစ်ဟာ မက်ဆီရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ အဆိုးရွားဆုံးနှစ်တနှစ်လို့ ဆိုနိုင်ပါတယ်။ ဘာစီလိုနာရဲ့ အကြီးကျယ်အခမ်းနားဆုံး ကစားသမားတဦးလို့ ဆိုရမယ့် မက်ဆီဟာ ဒီလိုအောင်မြင်မှုတွေ ဝေးကွာခဲ့တာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာက ထွက်ခွာချင်ကြောင်း လူသိရှင်ကြား တရားဝင်ကြေငြာခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု မရခဲ့တာကြောင့် နောက်ဆုံးတော့ နူးကမ့်မှာပဲဆက်နေဖို့ ဖြစ်သွားခဲ့ပါတယ်။၂၀၂၀ ခုနှစ်ဟာ မက်ဆီအတွက်တော့ ဘာစီလိုနာ ကစားသမားဂဘဝ အဆိုးရွားဆုံး ခုနှစ် အခု ဖြစ်ခဲ့ပေမယ့် ထူးခြားတဲ့စံချိန်တချို့ကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဒီကစားသမားကြီးဟာ ပြီးခဲ့တဲ့နှစ်က ဘာစီလိုနာအသင်းကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ်မှာ သွင်းဂိုး ၅၀ ဂိုးထိ ( ၂၆ ဂိုးသွင်း၊ ၂၄ ဂိုးဖန်တီး) ပါဝင်ပတ်သက်ခဲ့ပြီး၊ ဒီပမာဏဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုရဲ့ ကစားသမားတွေထဲက လီဝမ်ဒေါစကီးပြီးရင် ဒုတိယမြောက်အများဆုံး သွင်းဂိုးပါဝင်ပတ်သက်မှု ဖြစ်ပါတယ်။

ဒါပေမယ့် ပြင်သစ်မဂ္ဂဇင်း L’Equipe ရဲ့ ရွေးချယ်မှုမှာတော့ သွင်းဂိုး ၅ဝ အထိပါဝင်ပတ်သက်ထားတဲ့ မက်ဆီရဲ့စွမ်းဆောင်ရည်ဟာ လိုအပ်ချက်တွေ ရှိနေဆဲလို့ ယူဆခဲ့တာကြောင့် ၂၀၂၀ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးအသင်း ကစားသမား ၁၁ ယောက်စာရင်းကနေ ချန်လှပ်ထားခဲ့တာ တွေ့ရပါတယ်။

ဒီဘာစီလိုနာကြယ်ပွင့်ဟာ ပြင်သစ်မဂ္ဂဇင်းက ရွေးချယ်ခဲ့တဲ့ တိုက်စစ်မှူးစာရင်းကနေ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ မိုဟာမက်ဆာလာနဲ့ ဆာဒီယိုမာနေးတို့လိုပဲ ချန်လှပ်ခံခဲ့ရတာဖြစ်ပြီး၊ ၂၀၂၀ ခုနှစ်အတွက် ပြင်သစ်မဂ္ဂဇင်းကရွေးချယ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၁ ယောက်စာရင်းကို အခုလိုတွေ့နိုင်ပါတယ်။

ဂိုးသမား- မန်နျူရယ်နူအာ
ခံစစ် – အာနိုးလ်
ဗန်ဒိုက်
ရာမို့စ်
အဖွန်ဆိုဒေးဗီးစ်

ကွင်းလယ် – ကီဗင်ဒီဘရိုင်း
ကင်မစ်ခ်ျ
အယ်လ်ကန်တာရာ
နေမာ
တိုက်စစ် – လီဝမ်ဒေါစကီး
ရော်နယ်လ်ဒို

ဒီကစားသမားစာရင်းမှာ ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ လီဗာပူးလ်အသင်းမှ အလက်ဇန္ဒားအာနိုးလ်၊ ဗာဂျယ်ဗန်ဒိုက်နဲ့ သီယာဂို အယ်လ်ကန်တာရာတို့ ပါဝင်နေသလို၊ မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းလည်း ရွေးချယ် ခံခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဆုဖလားသုံးလုံးအထိ ရရှိခဲ့တာကြောင့် ဒီကစားသမားစာရင်းမှာ ၅ ယောက်အထိ ရွေးချယ်ခံခဲ့ရပြီး၊ လီဝမ်ဒေါစကီး၊ ဂျိုရှူအာ ကင်မစ်ခ်ျနဲ့ မန်နျူရယ်နူအာအပြင် ယခုလက်ရှိ လီဗာပူးလ်ကစားသမားဖြစ်တဲ့ အယ်လ်ကန်တာရာတို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ယခုရွေးချယ်ထားတဲ့ ကစားသမားစာရင်းမှာ မက်ဆီ မပါဝင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင်ဖြစ်တဲ့ ဆာဂျီယိုရာမို့စ်ဟာ လာလီဂါပြိုင်ပွဲမှ ရွေးချယ်ခံခဲ့ရတဲ့ တဦးတည်းသော ကစားသမားဖြစ်ခဲ့ပါတယ်။

ရာမို့စ်လိုပဲ ရော်နယ်လ်ဒိုနဲ့ နေမာတို့ဟာလည်း လိဂ်ပြိုင်ပွဲတခုရဲ့ တဦးတည်းသာ ကိုယ်စားပြုကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး၊ သူတို့ဟာ ကမ္ဘာ့ထိပ်တန်းလိဂ် ၅ ခုထဲမှ စီးရီးအေနဲ့ ပြင်သစ်လီဂူးတို့ကနေ ရွေးချယ်ခံခဲ့ရတဲ့ တဦးတည်းသာ ကစားသမားတွေဖြစ်ပါတယ်။

ပြင်သစ်မဂ္ဂဇင်း L’Equipe ကရွေးချယ်ခဲ့တဲ့ အကောင်းဆုံးကစားသမား ၁၁ ယောက်ဟာ အရမ်းကိုတောင့်တင်းတဲ့ လူစာရင်းတခုဆိုပေမယ့် မက်ဆီလို ကစားသမားမျိုးကို ချန်လှပ်ခဲ့တာက ထူးဆန်းနေပြီး၊ သူ့အစား နေမာကို ရွေးချယ်ခဲ့တာက ထူးခြားမှုတခုလို့ ဆိုနိုင်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့တယ် ဆိုပေမယ့်၊ ၂၀၂၀ ခုနှစ်အတွင်း ဒဏ်ရာပြဿနာတွေအပြင် ပြင်သစ် လီဂူးပြိုင်ပွဲ ရပ်နားခဲ့တာကြောင့် ပွဲကစားခွင့် နည်းပါးခဲ့တဲ့ နေမာတယောက် ယခုရွေးချယ်မှုမှာ ပါဝင်နေတာက ပရိတ်သတ်တွေအတွက် အထင်မှား စရာ ဖြစ်စေပါတယ်။

အချက်အလက်တွေအရ ကြည့်မယ်ဆိုရင် မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က နေမာရဲ့စွမ်းဆောင်ရည် (၁၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ်)ထက် သွင်းဂိုးပါဝင်ပတ်သက်မှု ၁၉ ကြိမ်အထိ အသာရနေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ပြင်သစ်မဂ္ဂဇင်းရဲ့ ရွေးချယ်မှုဟာ ဘက်လိုက်မှု အနည်းငယ်ရှိခဲ့သလားဆိုတာ စဉ်းစားစရာတွေ ဖြစ်နေပါတယ်။