Spots news

ဆိုးလ်ရှား၊ အဲဗာတန် နဲ့ ဗန်ဒီဘိခ်တို့ရဲ့ဇာတ်လမ်းကိုပြောပြပြီး ပေါက်ကွဲခဲ့တဲ့ အေးဂျင့်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့် လောက်လောက်လားလား မရရှိတဲ့ အတွက် အသင်းကွင်းလယ်လူ ဗန်ဒီဘိခ် ရဲ့အေးဂျင့်ဟာမနေ့က ရုပ်သံနဲ့တွေ့ဆုံမေးမြန်းခဲ့စဉ်က သူ့ရဲ့ ကစားသမား အတွက် ဖွင့်ဟ ပေါက်ကွဲပြောဆိုခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ထံသို့ ပြောင်းရွေ့ကြေး ပေါင် ၃၅ သန်းဖြင့် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။ လက်ရှိရာသီမှာ ဗန်ဒီဘိခ်အတွက် အခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း နည်းပြ ဆိုးရှားက ပြောဆိုထားသော်လည်း ယခုအချိန်အထိ ပွဲထွက်ခွင့် မရသေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုပါ ယူနိုက်တက်ကို ထပ်မံရောက်ရှိလာတဲ့အတွက် ဗန်ဒီဘိခ်ရဲ့ ပွဲထွက်ခွင့်ဟာ ပိုမိုဝေဝါးလာခဲ့ပြီး အဲဗာတန်အသင်းရဲ့ အငှားဖြင့် ကမ်းလှမ်းမှုကိုပါ ထပ်မံပယ်ချခဲ့တာ ကြောင့် ဗန်ဒီဘိခ်ရဲ့ အေးဂျင့်ဖြစ်သူ အယ်လ်ဘားက နည်းပြဆိုးလ်ရှားနဲ့ စကားပြောရတော့မှာ ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

ဗန်ဒီဘိခ်ရဲ့ အေးဂျင့်ဖြစ်သူ အယ်လ်ဘားက ” ဒွန်နီက ယူနိုက်တက် ကို မျှော်လင့်ချက်များစွာနဲ့ ပြောင်းလာခဲ့တာပါ။ ဆိုးလ်ရှားက နောက်ထပ်စနစ်တစ်ခုမှာ ကစားမယ်လို့ သူ့ကို ပြောခဲ့ပါတယ်။ ပထမ ၅ ပွဲမှာတင် အားလုံးလွဲချော်ခဲ့ပြီး ရာသီကုန်တဲ့ အခါမှာတော့ သူကစားခွင့်မရဘူးလို့ ကျွန်တော်တို့ ယူဆခဲ့ပါတယ်။

“နောက်ရာသီ ဘယ်လိုလုပ်ကြမလဲ”ပေါ့။ ပြီးတော့ ဒီနွေမှာ သူ့ကို ထွက်ခွင့်မပေးဘူးလို့ အသင်းကပြောခဲ့တယ်။ ရော်နယ်ဒို သောကြာနေ့မှာ ရောက်လာခဲ့ချိန်မှာတော့ ကျွန်တော်တို့အတွက် သတင်းဆိုးဖြစ်ခဲ့ပါပြီ။ ပေါ့ဘာက နဂိုက ဘယ်ဘက်မှာ ကစားနေတာကနေ ကွင်းလယ်ကို ပြန်လာတော့မယ်ဆိုတာပါပဲ။

ကျွန်တော်တို့အနေနဲ့ ဖုန်းဆက်ပြီး ဆိုးလ်ရှား ၊ ဘုတ်အဖွဲ့တို့နဲ့ ဆွေးနွေးခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ အသင်းသစ်လည်း ရှာခဲ့ပြီး အဲဗာတန် နဲ့ အဆင်ပြေခဲ့ပါတယ်။ အဲဗာတန် ရဲ့ အားကစားဒါရိုက်တာ မာဆယ်လ်ဘရန်း တို့နဲ့လည်း စကားပြောပြီးပါပြီ။

ဗန်ဒီဘိခ် က သူ့အဖေရော၊ ယောက္ခမနဲ့ရော စကားပြောပြီးနောက် အပတ်တိုင်းကစားခွင့်ရရေး ကစားသမားဘဝ တစ်ဆင့် နောက်ဆုတ်ဖို့ သဘောတူခဲ့ပါတယ်။ အဲ့နောက် တနင်္လာနေ့ ညမှာတော့ ဆိုးလ်ရှား ဆီက ဖုန်းရခဲ့တယ်။ အပြောင်းအရွှေ့လုံးဝ ခွင့်မပြုတဲ့အကြောင်းနဲ့ နောက်နေ့မနက် Training လာဆင်းဖို့ပါ။

ဒွန်နီက အခုတစ်နွေလုံး ကြိုးစားနေခဲ့တာပါ။ နားရက် ၇ ရက်ပဲ ယူပါတယ်။ ကျန်တဲ့ အချိန် ကြံ့ခိုင်မှု ပြည့်ဖို့ ဆက်တိုက် ကြိုးစားနေခဲ့တယ်။ သူက အခုလုံးဝ အသင့်ပါပဲ။ သူ့ကို ပေးမယ့်အခွင့်အရေးကိုလည်း အသုံးချဖို့ စောင့်နေပါပြီ။ အဲ့တော့ အခွင့်အရေးသာမရခဲ့ရင်တော့ ကျွန်တော်တို့ နောက်တစ်ဆင့်တက်ပြီး ဘာလုပ်ကြမလဲ ဆွေးနွေးကြရပါတော့မယ်။”လို့ ပြောကြားခဲ့ပါတယ်။