Spots news

ဒီရာသီမှာ ဥရောပရွှေဖိနပ်ဆု ရရှိနိုင်တဲ့ သွင်းဂိုးအများဆုံး ကစားသမား (၁၀) ယောက်

အခုဆိုရင် ဥရောပလိဂ်အသီးသီးဟာ ရာသီဝက်ကျိုးလုနီးပါး ဖြစ်ခဲ့ပါပြီ။ ဥရောပ ထိပ်တန်းတိုက်စစ်မှုးတွေဟာလည်း ရာသီကုန်မှာ ဥရောပရဲ့ ဂိုးသွင်းဘုရင်ဘွဲ့ကို ခံယူနိုင်ဖို့ ဂိုးတွေအပြိုင် သွင်းယူနေကျဆဲပါ။မနှစ်ကရာသီမှာတော့ လာဇီယိုတိုက်စစ်မှုး အင်မိုဘိုင်းက ဒီဆုကို ရရှိခဲ့ပါတယ်။

အင်မိုဘိုင်းဟာ တီမိုဝါနာ၊ ရော်နယ်ဒို၊ မက်ဆီတို့နဲ့တကွ အနီးကပ်ဆုံးပြိုင်ဘက် လီဝန်ဒေါစကီးကိုကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာပါ။ ဒီရာသီမှာတော့ ရွှေဖိနပ်ဆု ရနိုင်ချေရှိတဲ့ ကစားသမားတွေ များပြားနေခဲ့ပါတယ်။ယူနိုက်ရဲ့ဖာနန်ဒက်၊ လီဗာပူးလ်ရဲ့ ဆာလက်တို့အပါအဝင် ဆွန်ယောင်မင်၊ ကဲဗက်လီဝင်နဲ့ ဗာဒီ စတဲ့ ပရီးမီးယားလိဂ်ကစားသမား အများဆု ဒီစာရင်းမှာ ပါဝင်နေတာကို တွေ့ရပါတယ်။

လက်ရှိ ဥရောပ ထိပ်သီးလိဂ် ၅ ခုရဲ့ အခုအချိနိအထိ ဂိုးသွင်းအများဆုံး တိုက်စစ်မှုးတွေကို ယခုလိုပဲ တွေ့နိုင်ပါတယ်။ကဲ လက်ရှိဘောလုံးရာသီရဲ့ ဥရောပရွှေဖိနပ်ဆု ရရှိနိုင်ချေများတဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှုး ၁၀ ယောက်က ဘယ်သူတွေဖြစ်မလဲ ကြည့်လိုက်ကြပါစို့။

(၁) လီဝန်ဒေါစကီး (ဘိုင်ယန်မြူးနစ်)
လီဝန်ဒေါစကီးကတော့ လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံး နံပါတ် ၉ တိုက်စစ်မှုး တစ်ဦးဖြစ်တယ်လို့ အားလုံးက လက်ခံထားကြသူပါ။အသက် ၃၀ ကျော် အရွယ်ရှိပြီ ဖြစ်ပေမဲ့လည်း အသင်းအတွက် ဂိုးတွေဆက်တိုက် ရယူပေးနေပါတယ်။ သွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူထားပြီး ဒုတိယနေရာက ရော်နယ်ဒိုနဲ့ ၅ ဂိုးအထိ ကွာဟနေပါတယ်။

(၂) ရော်နယ်ဒို (ဂျူဗင်တပ်)
ရော်နယ်ဒိုကတော့ ဥရောပရွှေဖိနပ်ဆု ၄ ကြိမ်အထိ ရရှိထားတဲ့ ကစားသမားပါ။ ကိုဗစ်ကူးစက်ခံရမှုကြောင့် ရာသီအစ ပွဲအချို့ လွဲချော်ခဲ့ပေမဲ့အခုအချိန်မှာတော့ စီးရီးအေ ဂိုးသွင်းအများဆုံး ကစားသမား အဆင့် ၁ နေရာကို ပြန်လည်သိမ်းပိုက် ထားနိုင်ခဲ့ပါပြီ။အမှတ်ပေးသွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူထားပြီး ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ကင်းကွာနေတဲ့ ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။

(၃) ဆာလာ (လီဗာပူးလ်)
လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်မှုး ဆာလာကတော့ အသင်းအတွက် မာနေးနဲ့အပြိုင် သွင်းဂိုးတွေ ရယူပေးနေတဲ့ ကစားသမားပါ။သူဟာ ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးအထိ သွင်းယူထားပြီး ခြေစွမ်းပြနေပါတယ်။ ဥရောပရွှေဖိနပ်ဆုတင် မဟုတ်ဘဲ အီဂျစ်တိုက်စစ်မှုးဟာ ဒီရာသီမှာ လီဗာပူးလ်အတွက် လိဂ် သွင်းဂိုး ၁၀၀ ပြည့်မြောက်ဖို့ကိုပါ ပစ်မှတ်ထားနေပါတယ်။

(၄) လူကာကူ (အင်တာမီလန်)
လူကာကူကတော့ အင်တာမီလန်မှာ အကောင်းဆုံး ခြေစွမ်းပြနေပြီး အသင်းအတွက် ဂိုး ၅၀ တောင် ပြည့်မြောက်ခဲ့ပါပြီ။ ဘရာဇီးဂန္တဝင် ရော်နယ်ဒိုလောက် ပွဲအများကြီး မကစားခဲ့ဘဲ ဒီစံချိန်ရရှိခဲ့တဲ့ အင်တာမီလန်ကစားသမား ဖြစ်ခဲ့တာပါ။ဘယ်ဂျီယံ လက်ရွေးစင်တိုက်စစ်မှုးဟာ လက်ရှိအချိန်အထိ ၁၂ ဂိုး သွင်းယူထားပြီး ဥရောပရဲ့ အကောင်းဆုံး နံပါတ် ၉ တိုက်စစ်မှုး ၅ ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်ကြောင်း သက်သေပြနိုင်ဖို့ ကြိုးစားနေပါတယ်။

(၅) အမ်ဘာပေး (ပီအက်ဂျီ)
လူငယ်တိုက်စစ်မှုး အမ်ဘာပေးဟာ မနှစ်ကရာသီမှာ ကိုဗစ်နဲ့ ဒဏ်ရာပြဿာနာတွေ နှိပ်စက်မှုက သူ့ရဲ့ သွင်းဂိုးစွမ်းဆောင်ရည်ပိုင်းကို အတော်လေး သက်ရောက်မှု ရှိခဲ့ပါတယ်။လက်ရှိ ၂၀၂၀-၂၁ ဘောလုံးရာသီမှာတော့ အသင်းအတွက် လိဂ်သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူပေးထားကာ ရွှေဖိနပ်ဆုအတွက် အမြင့်ဆုံး ပျံသန်းလျက်ရှိပါတယ်။

(၆) ဆွန်ယောင်မင် (စပါး)
စပါးတောင်ပံကစားသမား ဆွန်ယောင်မင်ဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ စွမ်းတောင်ရည်အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။မော်ရင်ဟိုရဲ့ စပါးအသင်းအတွက် အဓိက ကစားသမားဖြစ်ထားပြီး ဟယ်ရီကိန်းနဲ့ တွဲဖက်ကာ သွင်းဂိုးတွေအများကြီး ထုတ်လုပ်ထားပါတယ်။ စပါးအသင်းအတွက် ၁၂ ဂိုးအထိ သွင်းယူထားသူပါ။

(၇) အင်မိုဘိုင်း (လာဇီယို)
မနှစ်ကရာသီ ဥရောပရွှေဖိနပ်ဆုကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အင်မိုဘိုင်းဟာ လက်ရှိရာသီမှာလည်း သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ အင်မိုဘိုင်းဟာ ဒီရာသီမှာပါ ရွေဖိနပ်ဆု ရရှိခဲ့ရင်တော့ ၂ နှစ်ဆက်တိုက် ဒီဆုကိုရတဲ့ အီတလီကစားသမား ဖြစ်လာမှာပါ။

(၈) ဘရူနိုဖာနန်ဒက် (ယူနိုက်တက်)
ဘရူနိူဖာနန်ဒက်ဟာ ကစားကွက်ဖန်တီးရှင်ဖြစ်ပြီး လက်ရှိယူနိုက်တက်ရဲ့ အသက်သွေးကြောဆိုရင်လည်း မမှားပါဘူး။ အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင် ရုံသာမက ကိုယ်တိုင်လည်း ဂိုးတွေသွင်းယူနိုင်တဲ့ ကစားသမားတစ်ဦးပါ။ပေါ်တူဂီသား မန်ချက်စတာယူနိုက်တက်ရဲ့ အဓိက ပင်နယ်တီကန်သွင်းယူ ဖြစ်ပြီးတော့ ၂၀၂၀-၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူထားပါတယ်။

(၉) ကဲဗက်လီဝင် (အဲဗာတန်)
ကယ်ဗက်လီဝင်ကတော့ အဲဗာတန်အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်ပြီးတော့ နည်းပြအန်ဆလော့တီရဲ့ လက်အောက်မှာ တောက်ပတဲ့ခြေစွမ်းတွေ ပြသလျက်ရှိပါတယ်။အသက်အရွယ် ငယ်ရွယ်သေးပေမဲ့ သူ့ရဲ့လက်ရှိ စွမ်းဆောင်ရည်တွေကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ် ၉ နေရာအတွက် ဟယ်ရီကိန်းကိုတောင် ကောင်းကောင်းစိန်ခေါ် နိုင်သူပါ။ လက်ရှိအချိန်ထိတော့ လိဂ်သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူထားပါတယ်။

(၁၀) ဂျင်မီဗာဒီ (လက်စတာ)
လက်စတာတိုက်စစ်မှုး ဂျင်မီဗာဒီကတော့ အခုအချိန်အထိ ခြေစွမ်းကျဆင်းခြင်း မရှိသေးပါဘူး။ လက်စတာတို့အတွက် နံပါတ် ၁ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်နေသေးပြီး မနှစ်ကရာသီမှာလည်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရရှိခဲ့ပါတယ်။ဒီရာသီမှာလည်း ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုး သွင်းယူထားပြီး သူ့ရဲ့သွင်းဂိုးတွေနဲ့အတူ လက်စတာကိုလည်း အမှတ်ပေးဇယား ထိပ်ပိုင်းကို ပို့ဆောင်ပေးထားနိုင်ပါတယ်။ဒီကစားသမားတွေက အခုရာသီမှာ ရွှေဖိနပ်ဆု ရရှိနိုင်တဲ့ ဥရောပ ထိပ်သီးလိဂ် ၅ ခုက ဂိုးသွင်းအများဆုံး တိုက်စစ်မှုး ၁၀ ယောက်ပါပဲ။အခြားနာမည်ကြီး ကစားသမားတွေရဲ့ သွင်းဂိုးတွေကို ဖော်ပြရမယ်ဆိုရင်တော့ ဟယ်ရီကိန်း (၁၀ ဂိုး)၊ အီဘရာဟီမိုဗစ် (၁၀ ဂိုး)၊ ဟာလန်း (၁၀ ဂိုး)၊ မက်ဆီ (၉ ဂိုး) နဲ့ ဆွာရက် (၉ ဂိုး) တို့ရှိနေပါတယ်။