Spots news

တိုက်စစ်အဖျက်နှစ်ယောက် မပါတာနဲ့ သိသိသာသာပဲ ၇ ဂိုးအထိ သွင်းတဲ့ ချဲလ်ဆီး

Unicode Version

ကြားရက် ချန်ပီယံလိဂ်ပွဲမှာ လူကာကူရော၊ ဗာနာရော ဒဏ်ရာရခဲ့တာကြောင့် ချဲလ်ဆီးတို့ ဒီပွဲကို တိုက်စစ်မှူး မပါဘဲ ပွဲထွက်ခဲ့ရပါတယ်။ ဒါပေမယ့် ကျန်တဲ့ ရှေ့၊ လယ်၊ နောက် အင်အားက နော့ဝစ်ချ်ထက် အပြတ်အသတ်သာလွန်ပြီး နော့ဝစ်ချ်ကတော့ ချဲလ်ဆီးက အငှားခေါ်ထားတဲ့ ဂဲလ်မောကိုလည်း ထည့်သွင်းကစားနိုင်ခဲ့ခြင်းမရှိပါဘူး။

နှစ်သင်းကြား ကစားသမားအင်အားနဲ့ ကစားပုံက တော်တော်လေး ကွာခြားလွန်းပြီး ချဲလ်ဆီးက အခက်အခဲမရှိ ပွဲကို စီးမိုးခဲ့ပါတယ်။ (၈) မိနစ်မှာပဲ ချဲလ်ဆီးတို့ စောစောစီးစီး ဂိုးရခဲ့ပြီး မေဆင်မောင့်က ဧရိယာထိပ်ကနေ ကန်သွင်းသွားခဲ့တာပါ။

နော့ဝစ်ချ်က လက်ရှိအချိန်အထိ နိုင်ပွဲတစ်ပွဲမှ မရသေးသလို တန်းပြန်ဆင်းမယ့် အသင်းဆိုတာကလည်း ခပ်ဝေးဝေး ခန့်မှန်းနေစရာ မလိုပါဘူး။ ကစားပြီးသမျှ ပွဲတိုင်းမှာ အဆိပ်ရှိတဲ့ကစားဟန်၊ ထိရောက်တဲ့ကစားဟန်မျိုး လုံးဝမပြနိုင်ခဲ့ဘဲ ဒီပွဲမှာလည်း ချဲလ်ဆီးက အေးအေးဆေးဆေးနဲ့ ပွဲကိုထိန်းချုပ်နိုင်ခဲ့တာပါ။

ဦးဆောင်ဂိုးရပြီး (၁၀) မိနစ်အကြာမှာပဲ ချဲလ်ဆီးတို့ ဒုတိယဂိုးရခဲ့ပြီး ကိုဗာဆစ်ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို အိုဒွိုင်းက ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ သွင်းယူနိုင်ခဲ့ပါတယ်။

(၄၁) မိနစ်မှာ မေဆင်မောင့်ခင်းပေးလိုက်တဲ့ ဘောလုံးကို ရီစီဂျိမ်းစ်က ဂိုးသမားကို အသာကျော်ပြီး ချဲလ်ဆီးအတွက် တတိယဂိုးကို သွင်းယူပေးခဲ့တာကြောင့် ချဲလ်ဆီးတို့ ပထမပိုင်းမှာတင် သုံးဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နော့ဝစ်ချ်တို့ ကစားသမားအချို့ အပြောင်းအလဲလုပ်ခဲ့ပေမယ့် သိပ်ပြီး တိုးတက်လာတာမျိုးမရှိဘဲ ချဲလ်ဆီးကပဲ ဂိုးတွေထပ်ရခဲ့ပါတယ်။ ကိုဗာဆစ်ဖန်တီးပေးတာကတစ်ဆင့် ဘင်ချီဝဲလ်က သွင်းယူခဲ့တာပါ။ ဘင်ချီဝဲလ်ကတော့ ချဲလ်ဆီးအတွက် နောက်ဆုံးကစားထားတဲ့ လိဂ်ပွဲ (၃) ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ နော့ဝစ်ချ်ရဲ့ခံစစ်တန်းက တော်တော်လေးဆိုးရွားနေပြီး ကစားပုံဆိုးရွားတာထက် ကြိုးစားအားထုတ်မှုလုံးဝမရှိတာကြောင့် ချဲလ်ဆီးတို့ ဂိုးတွေ လွယ်လွယ်ရခဲ့ပါတယ်။

ဘင်ချီဝဲလ်ဂိုးရပြီး (၅) မိနစ်အကြာမှာ အိုဒွိုင်းရဲ့ဖြတ်တင်ဘော မက်စ်အာရွန်စ်နဲ့ထိပြီး ဂိုးထဲဝင်သွားတာကြောင့် ချဲလ်ဆီးတို့ (၅) ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ နော့ဝစ်ချ်ဘက်က ဘင်ဂစ်ဘ်ဆင် အထုတ်ခံခဲ့ရပြီး ချဲလ်ဆီးကလည်း လော့ဖ်တပ်ချိခ်၊ ဇီယက်ချ်၊ ဘာကလေတို့နဲ့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ပွဲကစားချိန် မိနစ် (၈၀) မှာ နော့ဝစ်ချ်နောက်ခံလူ ဧရိယာထဲမှာ လက်ထိခဲ့တာကြောင့် ချဲလ်ဆီးတို့ ပင်နယ်တီရခဲ့ပါတယ်။ ဒီပင်နယ်တီကို ဂိုးသမား ကရူးလ်ကာကွယ်နိုင်ခဲ့ပေမယ့် မေဆင်မောင့်မကန်ခင် ဂိုးသမားခြေထောက်က စည်းရှေ့ထွက်ခဲ့တာကြောင့် နောက်တစ်ကြိမ် ပြန်ကန်ရာမှာတော့ မေဆင်မောင့်က ဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ သွင်းဂိုးတွေက ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ နောက်ဆုံးမိနစ်မှာ လော့ဖ်တပ်ချိခ် ဖန်တီးပေးတာကို မေဆင်မောင့်က သူ့အတွက် ဟက်ထရစ်သွင်းဂိုးအဖြစ် သွင်းယူပေးနိုင်ခဲ့ပြီး ချဲလ်ဆီးကလည်း (၇) ဂိုးပြတ်နဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။ ချဲလ်ဆီးကတော့ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။