Unicode Version
အေစီမီလန်အသင်းဟာ ဝါရင့်ခရိုအေးရှား တိုက်စစ်မှူးကြီး မာရီယိုမန်ဇူကစ်ဇ်ကို ခေါ်ယူသွားဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဒီရက်ပိုင်းလေးအတွင်းမှာပဲ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မန်ဇူကစ်ဇ်ဟာ လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်လို့နေပြီး ကစားသမားဘဝကိုတော့ ဆက်လက်ဖြတ်သန်းဖွယ် ရှိနေပါတယ်။
စပါးအသင်းရဲ့ အသက်(၂၀)အရွှယ် အင်္ဂလန်ညာတောင်ပံကစားသမားလေး ဂျက်ကလပ်ခ်ကို စတုတ်စီးတီးအသင်းဆီကို ရာသီကုန်အထိ အငှားချလိုက်ပါတယ်။
ချယ်လ်ဆီးအသင်းမှာ (၈)နှစ်လောက်အထိ ပါဝင်ခဲ့ပေမယ့် အငှားကစားသမားအဖြစ်နဲ့သာ ကစားသမားဘဝကို ဖြတ်သန်းနေရတဲ့ ဘရာဇီးဘယ်တောင်ပံကစားသမား လူးကပ်စ်ပီယာဇွန်ကတော့ ပေါ်တူဂီကလပ် စပို့တင်းဘရာဂါအသင်းဆီကို (၅)နှစ်စာချုပ်နဲ့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘယ်နောက်ခံလူ ဒန်နီရိုစ့်ကို စပါးအသင်းဘက်ကနေ ဒီလအတွင်းမှာ အသင်းနဲ့ စာချုပ် ဖျက်သိမ်းပေးဖို့ အစီအစဉ် ရှိလို့နေပြီး တကယ်လို့သာ စာချုပ်ဖျက်သိမ်း ဖြစ်မယ်ဆိုရင် ရိုစ့်ကို ဝက်ဘရွန်းအသင်းက ခေါ်ယူဖွယ် ရှိနေပါတယ်။
ဂိုးသမားသစ်တစ်ယောက်ကို ခေါ်ယူသွားဖို့ ပြင်ဆင်လို့နေတဲ့ အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ အရန်ဂိုးသမားဖြစ်တဲ့ နက်တိုကို ပစ်မှတ်ထားနေတယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးတိုက်စစ်မှူးနေမာကတော့ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့အတွက် ဆွေးနွေးမှုတွေကို လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
နေမာနဲ့ ပီအက်စ်ဂျီအသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၂ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်သလို အသင်းဘက်က နေမာနဲ့ဘာပေတို့နှစ်ဦးလုံးကို သက်တမ်း တိုးမြှင့်ချင်နေပါတယ်။