Unicode Version
ဗုဒ္ဓဟူး နေ့က ရင်ဆိုင် ကစားခဲ့တဎ့ လက်စတာအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လက်စတာအသင်းက ၂ – ၀ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်စတာအသင်းအတွက် ဂိုးတွေကိုတော့ အန်ဒီဒီ နဲ့ မက်ဒီဆင်တို့က သွင်းပေးခဲ့တာပါ။
ချဲလ်ဆီးအတွက်တော့ နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ၁ ပွဲသာနိုင်သလို ၁ ပွဲ သရေကျထားတာပဲဖြစ်ပါတယ်။
ဒါကြောင့်ပဲ ချဲလ်ဆီးအသင်းဟာ အဆင့် ၈ အထိ ဆင်းသွားခဲ့ရပြီး ထိပ်ဆုံးက လက်စတာနဲ့ ၉ မှတ်အထိ ကွာဟသွားခဲ့ပြီပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေမှုကြောင့် ချဲလ်ဆီးနည်းပြ လမ်းပတ်အပေါ် ဖိအားတွေကလည်း များပြားလာခဲ့ပြီဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒီနှစ်မှာ ငွေအကုန်အကျအတော်သုံးထားပြီး ကစားသမား အသစ်တွေခေါ်ယူ ထားခဲ့တာပါ။
ဒါပေမဲ့ လက်ရှိမှာတော့ သူတို့ရဲ့စွမ်းဆောင်ရည်က အကောင်းဆုံး အနေအထားမှာ မရှိဘဲ ရုန်းကန် နေရတာပါ။
ဒါကြောင့်ပဲ လမ်းပတ်အပေါ် ထုတ်ပယ် ခံရဖွယ်ရှိနေတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက် လာခဲ့တာဖြစ်ပါတယ်။
လမ်းပတ်ကတော့ အသင်းဟာ အကူးအပြောင်းကာလမှာ ရှိနေတယ်လို့ ကာကွယ်သွား ခဲ့ပေမယ့် သူ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့ သူ့မှာ ထိန်းချုပ်နိုင် မှု မရှိဘူးလို့ ဆိုလိုက်ပါတယ်။
လမ်းပတ်က “ဒါက ကျွန်တော့်ဆုံးဖြတ်ချက်အပေါ် မမူတည်ပါဘူး။ ဒီအတွက် ဆုံးဖြတ်နိုင်တဲ့သူတွေ ရှိပြီးသားပါ။
ဒါက ကျွန်တော့် ထိန်းချုပ်မှုအောက်မှာ ရှိမနေပါဘူး။ ဒါကိုလည်း နားလည်ထားရမှာပါ။ ကျွန်တော် ဘာတွေ ထိန်းချုပ်နိုင် သလဲဆိုတော့ အသင်းကို စုစုစည်းစည်း ဖြစ်အောင်
လုပ်ဆောင်ဖို့ နဲ့ အကောင်းဆုံး ကြိုးစားဖို့ပါပဲ။ ရာထူးနဲ့ ပတ်သက်ပြီးရင်တော့ ကျွန်တော် မဖြေနိုင်ပါဘူး။
လက်ရှိမှာ ကျွန်တော်တို့က ကွဲပြားတဲ့အနေအထားမှာ ရှိနေပါတယ်။ အသင်းရဲ့လက်ရှိလူစာရင်းကို ကြည့်လိုက်မယ်ဆိုရင် အသင်းကငယ်ရွယ်သေးတယ် ၊
လူသစ်တွေရှိလာတယ် ၊ စုဖွဲ့မှုအသစ်ကို တွေ့ရမှာပါ။ကျွန်တော်က အသင်းဟာ အကူးအပြောင်းကာလထဲမှာ ရှိနေတယ်လို့ အမြဲပြောနေတာပါ။
ဒါပေမဲ့လည်း အသင်းမှာ ဒါမျိုးစွမ်းဆောင်ရည်ကို ပြသနေရင်တော့ အခုလို မေးခွန်းထုတ်ခံရမှာပေါ့၊ ဒါကိုလည်း နားလည်ပါတယ်” လို့ သူက ဆိုသွားခဲ့တာပဲဖြစ်ပါတယ်။