Unicode Version
ဒီနှစ်ဘောလုံးရာသီမှာ ဒေါ့မွန်အသင်း ရလဒ်တွေအနည်းငယ်ယိမ်းယိုင်နေခဲ့ပေမယ့်လည်း လူငယ်တိုက်စစ်မှူးလေး ဟာလန်းကတော့ ခြေစွမ်းပြဂိုးတွေသွင်းယူနေဆဲပါပဲ။
ဒေါ့မွန်အသင်းဟာ အဝေးကွင်းမှာ လိုက်ပဇစ်ကို ၁-၃ နဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ဘွန်ဒက်စ်လီဂါ ၃ ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ၁ ပွဲသရေကျကာ ၂ ပွဲရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။အနီးစပ်ဆုံး ဒီတစ်ပတ်ပွဲစဉ်မှာလည်း မွန်ချန်ဂလာဘတ်အသင်းကို ၄-၂ နဲ့ ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ပါတယ်။
ဒါပေမယ့် တိုက်စစ်မှူးလေးဟာလန်းကတော့ ခြေစွမ်းပြဂိုးတွေသွင်းယူနေဆဲဖြစ်ပြီး မွန်ချန်ဂလာဘတ်နဲ့ပွဲမှာ ဒေါ့မွန်အသင်းရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့ပြန်ပါတယ်။
ဒါဟာ ဒီနှစ်ဘောလုံးရာသီ ဟာလန်းအတွက် ၂၁ ဂိုးမြောက်သွင်းဂိုးလည်းဖြစ်လာခဲ့ပါတယ်။ ဟာလန်းအနေနဲ့ ဒဏ်ရာပြဿနာကြောင့် ကာလတစ်ခုအနားယူခဲ့ရပြီး ပြန်လည်ပွဲထွက်ကစားနိုင်တာသိပ်မကြာသေးပေမယ့်လည်း ဂိုးသွင်းနှုန်းကတော့ ကျဆင်းမသွားခဲ့တာ ချီးကျူးစရာပါပဲ။
ဟာလန်းဟာ ဒီနှစ်ဘောလုံးရာသီ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲပါဝင်ကစားပေးထားရာမှာတော့ သွင်းဂိုး၂၄ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်၊ ကိုယ်တိုင် ၂၁ ဂိုးသွင်းယူပြီး အသင်းဖော်တွေကိုတော့ ၃ ဂိုးဖန်တီးပေးထားခဲ့တာပါ။
တစ်နည်းအားဖြင့်ပြောရရင်တော့ ဟာလန်းဟာ ပျမ်းမျှ ၆၅ မိနစ်မှာ သွင်းဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှုတစ်ကြိမ်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါဟာ အတော်လေးမြင့်မားတဲ့ ဂိုးသွင်းနှုန်းတစ်ခုပဲဖြစ်တာကြောင့်
ဥရောပကလပ်အသင်းကြီးတွေက သူ့ကိုအပြိုင်စောင့်ကြည့်နေကြပါတယ်၊ အဆိုပါအသင်းကြီးတွေထဲမှာတော့ ရီးယဲလ်၊ ဘိုင်ယန်၊ ချယ်လ်ဆီးနဲ့ မန်စီးတီးတို့လည်း ပါဝင်နေကြောင်း သိရပါတယ်။