Unicode Version
ယနေ့ နေ့လယ်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ပရီးမီးယား လိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်းဟာ
သူတို့ အသင်းရဲ့ ဂန္တဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်သလို လက်ရှိ အချိန်မှာ နည်းပြတစ်ဦး အဖြစ် တာဝန်ယူထားတဲ့ ဖရန့်လမ်းပတ်ကို နည်းပြရာထူး ကနေ ထုတ်ပယ် လိုက်ပြီပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ လမ်းပတ် ဟာ
နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင် ၂၀၀သန်းကျော်ကို သုံးစွဲခဲ့ပေမယ့် လက်ရှိ ဘောလုံးရာသီ အတွင်းမှာ အသင်းရဲ့ ခြေစွမ်းပိုင်းဟာ
မတည်မငြိမ် ဖြစ်နေ သလို နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ် ၈ပွဲမှာ ၂ပွဲသာ အနိုင်ရရှိခဲ့ကာ ၁ပွဲသရေ ၅ပွဲအထိ ရှုံးနိမ့်ခဲ့ ပါတယ်။
အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ထဲက
လမ်းပတ်ကို အသင်းရဲ့ နည်းပြ ရာထူး ကနေ ထုတ်ပယ်ဖို့ စတင် စီစဉ် နေတာ ဖြစ်ပြီး ဂျူဗင်တပ် အသင်း ရဲ့ နည်းပြဟောင်း ဖြစ်သူ အယ်လီဂရီနီကို ချိတ်ဆက်မှု တွေ ပြုလုပ်ခဲ့သလို
ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ သောမတ်စ် တူချယ်ကိုလည်း နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။
နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ချယ်လ်ဆီး အသင်းဟာ သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် သောမတ်စ် တူချယ်ကို ရွေးချယ်ခဲ့ပြီး
တူချယ်ဟာ မကြာမီ အချိန် အတွင်းမှာပဲ ဂျာမဏီနိုင်ငံ ကနေ အင်္ဂလန်နိုင်ငံဆီ လာရောက်တော့မှာ ဖြစ်ကြောင်း သိရသလို အဆိုပါ ဆုံးဖြတ်ချက်ဟာ
ချယ်လ်ဆီး အသင်း ရဲ့ နာမည်ကျော် ကစားသမား နှစ်ဦးဖြစ်တဲ့ တီမိုဗာနာ ၊ ကိုင်ဟားဗက်တို့နဲ့လည်း သက်ဆိုင် နေကြောင်း သိထား ရပါတယ်။
နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက ချယ်လ်ဆီးအသင်း ဟာ အယ်လီဂရီနီနဲ့ တူချယ်တို့ နှစ်ဦးစလုံးကို သဘောကျခဲ့ပေမယ့်
ဂျာမန်သား နှစ်ဦး ဖြစ်တဲ့ ဗာနာနဲ့ ဟားဗက်တို့ဆီက အကောင်းဆုံး ခြေစွမ်း တွေကို မြင်တွေ့ရဖို့ အတွက် နောက်ဆုံးမှာ တူချယ် ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြ သွားပါတယ်။