Spots news

အသင်းဖော် ဗန်ဒီဘိခ် ကို ကိုယ်ချင်းစာနာကြောင်း ဘရူနိုဖာနန်ဒက်စ် ပြော

Unicode Version

ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ကစားခွင့်သိပ်မရလို့ မပျော်ရွှင်နေတဲ့ အသင်းဖော်ဗန်ဒီဘိခ်ရဲ့အဖြစ်ကို အပြည့်အဝ စာနာနားလည်နိုင်ကြောင်းဆိုခဲ့ပေမယ့် အဲဒါဟာ အသင်းရဲ့အင်အားတောင့်တင်းမှုကို ပြသရာရောက်ကြောင်း ပြောကြားလိုက်ပါတယ်။

နယ်သာလန် လက်ရွေးစင် ဗန်ဒီဘိခ်ဟာ ဒီရာသီ သူ့ရဲ့၁၀ ပွဲမြောက်ပွဲထွက်မှုအဖြစ် လီဗာပူးကိုအနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ပါ၀င်ခဲ့ရတာပါ။ ဒါပေမဲ့ ဗန်ဒီဘိခ်ဟာ အဲဒီပွဲမှာ အများကြီးခြေစွမ်းပြ နိုင်ခြင်းမရှိဘဲ ဘောလုံးထိချက် ၂၃ ကြိမ် သာရှိခဲ့ကာ ပေးပို့ရန်ကြိုးပမ်းမှု ၁၈ ကြိမ်နဲ့ ၆၆ မိနစ်အရောက်မှာ လူစားလဲ ခံလိုက်ရပါတယ်။

ဗန်ဒီဘိခ်အစား လူစား၀င်လာတဲ့ ဖာနန်ဒက်စ်ဟာ ပွဲအဖြေ ပြောင်းလဲပေးနိုင်တဲ့ ကစားသမားအဖြစ် နောက်ထပ်တစ်ကြိမ် သက်သေပြနိုင်ခဲ့ကာ ကွင်းထဲရောက်လာပြီး ၁၂ မိနစ်အကြာမှာပဲ မန်ယူအတွက် အနိုင်ဂိုး ဖြစ်စေမယ့် တတိယဂိုးကို ဖရီးကစ်ကနေ သွင်းယူပေးခဲ့တယ်။

နည်းပြဆိုးလ်ရှား ကိုယ်တိုင်ကလည်း အဲဒီပွဲမတိုင်ခင်ကတည်းက ကစားခွင့်မရလို့ ဗန်ဒီဘိခ် မပျော်ရွှင် ဖြစ်နေတာကို ၀န်ခံထားပြီး ဖာနန်ဒက်စ်ကလည်း ပေါင်သန်း ၄၀ တန် ကစားသမားအတွက် ကိုယ်ချင်းစာခဲ့ပါတယ်။

”ဗန်ဒီဘိခ်ဟာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော့်ကစားတဲ့ နေရာမှာ သူဟာ တကယ်ကို ကောင်းကောင်း လှုပ်ရှားနိုင်ခဲ့တာပါ။ အဲဒါဟာ ကျွန်တော်တို့အတွက် အရေးပါပြီး ကျွန်တော်သာ သူ့နေရာမှာဆိုရင်လည်း အလုံးစုံပျော်ရွှင်နိုင်မှာ မဟုတ်ဘူး”လို့ ဆိုခဲ့တာပါ။

ဆက်လက်ပြီး ဖာနန်ဒက်စ်က”ကျွန်တော်တို့မှာ တကယ်ကောင်းတဲ့ လူစာရင်းရှိပြီး ရွေးချယ်စရာတွေလည်း ရှိနေတာပါ။ အရန်ခုံတန်း နဲ့ ဒီနေ့ ပွဲထွက် စာရင်းကို ကြည့်လိုက်ရင် ကျွန်တော်တို့ရဲ့တောင့်တင်းမှုကို မြင်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။