Spots news

အသက် ၂၀ နဲ့ မန်စီးတီးအတွက် ပွဲပေါင်း ၁၀၀ ပြည့်သွားတဲ့လူငယ်ကြယ်ပွင့် ဖိုဒန်

Unicode Version

မနေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်စီးတီး အသင်းက ၅ – ၀ ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ် နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ အမှတ်ပေး ဇယားရဲ့အဆင့် ၁ ကိုလည်း ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါပွဲစဉ်မှာ ပါဝင်ကစားခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် ကစားသမားလေး ဖိုဒန်ဟာလည်း မန်စီးတီး ကစားသမားဘဝမှာ ပွဲပေါင်း ၁၀၀ ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၀ အရွယ်ပဲ ရှိနေသေးတဲ့ ဖိုဒန်ဟာ မန်စီးတီး အကယ်ဒမီ ကနေ ပေါ်ထွက် လာခဲ့သူ ဖြစ်ပြီး အသင်းရဲ့အနာဂတ် ကြယ်ပွင့်တစ်ဦး အဖြစ် သတ်မှတ်ခံ ထားရသူ ဖြစ်ပါတယ်။

ဖိုဒန်ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာမှာ ကစားတဲ့ မန်စီးတီးနဲ့ ဖီယင်နုတို့ပွဲစဉ်မှာ စီနီယာ ကစားသမားဘဝ စတင် ကစားခဲ့သူဖြစ်ပြီး မနေ့ညက ရင်ဆိုင်ကစားတဲ့ ဝက်စ်ဘရွန်းနဲ့ ပွဲစဉ်မှာတော့ ပွဲ ၁၀၀ ပြည့် ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၀ ပဲ ရှိနေသေးပေမယ့် ဖိုဒန်ဟာ မန်စီးတီးအသင်း နဲ့ ပရီးမီးယားလိဂ်ဖလား ၂ လုံး ၊ FA ဖလား ၁ လုံး နဲ့ ကာရာဘောင် ဖလား ၃ လုံးရရှိထားပြီးပြီ ဖြစ်သလို မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ချီးကျူးမှုကို ခံထားရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီနှစ်ရာသီ မှာလည်း ဖိုဒန်ဟာ မန်စီးတီးအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ပွဲမှာ ၉ ဂိုးသွင်းထားကာ အသင်းရဲ့ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ဦးဆောင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဖိုဒန် အပေါ် ချီးကျူးမှု များစွာရှိနေပြီး ဘောလုံးလောကရဲ့အလားအလာ များစွာရှိတဲ့ ကြယ်ပွင့်တစ်ဦး အဖြစ်လည်း သတ်မှတ်ထား ကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ မန်စီးတီးအသင်း ရဲ့ အားထားရတဲ့ ကြယ်ပွင့် ကစားသမား ဒီဘရိုင်း ကလည်းဒဏ်ရာကြောင့် အနားယူရဦးမှာမို့ ဖိုဒန်ဟာ အသင်းအတွက် ပွဲကစားခွင့်တွေ ပိုရဖို့ရှိသလို ဒီနှစ်ရာသီမှာ ဘယ်လောက် အထိ တောက်ပနိုင်မလဲ ဆိုတာကိုတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။