Spots news

အဆင့်တစ်ကိုလုရင်း ဇယားအောက်ဆုံးက အသင်းကို ရှုံးခဲ့တဲ့ မန်ယူ

Unicode Version

အမှတ်ပေးဇယားရဲ့ အဆင့်တစ် နေရာကို ယှဉ်ပြိုင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဇယားအောက်ဆုံးကအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ အခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးအနည်းဆုံးတိုက်စစ်ကို ရင်ဆိုင်ရချိန်မှာတောင် မန်ယူအသင်းခံစစ်က ဖရိုဖရဲဖြစ်နေခဲ့တာတော့ အတော်လေးစိတ်ပျက်စရာကောင်းခဲ့ပါတယ်။

လာမယ့်ပွဲမှာ အာဆင်နယ်နဲ့ပွဲကျပ်ကစားရဖို့ရှိလို့ မာတစ်၊ တဲလက်စ်နဲ့ တွမ်ဇီဘီတို့လို အရန်အဖြစ်သာအသုံးများတဲ့ ကစားသမားတွေကို ထုတ်သုံး ခဲ့ပြီး အသင်းကစားပုံက ပွဲအစကတည်းက စိတ်ပါလက်ပါမရှိဘဲ လေးတိလေးကန်ဖြစ်နေတာကလည်း အထလေးလေ့ရှိတဲ့ ရှက်ဖီးယူနိုက်တက်အသင်းကို အခွင့်အရေးပေးသလို ဖြစ်စေခဲ့ပါတယ်။

မန်ယူအသင်းက တစ်ပွဲလုံးနီးပါး ဘောလုံးပိုင်ဆိုင်မှု အသာစီးကကစားနိုင်ခဲ့ပေမဲ့ ကိုယ့်ခြေထဲဘောလုံးရှိနေတဲ့အချိန်မှာ ပြိုင်ဘက်အသင်းရဲ့(၁၈)ကိုက်စည်းဧရိယာထဲ ဖိအားပေးနိုင်တဲ့အကြိမ်က အတော်လေးနည်းခဲ့ပါတယ်။ ယူနိုက်တက်ပွဲထွက်တိုက်စစ်သုံးယောက်တန်းဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့အနေနဲ့ အခုပွဲမှာ အခွင့်အရေးဖန်တီးမှု တစ်ဦးမှ တစ်ကြိမ်လေးတောင် မလုပ်နိုင်ခဲ့ကြပါဘူး။

မန်ယူအသင်းပေးလိုက်ရတဲ့ဂိုးတွေကတော့ ဂိုးသမား ဒီဂီယာ နဲ့ နောက်ခံလူတွေရဲ့အားနည်းချက်ကြောင့်ပါပဲ။ ရှက်ဖီးယူနိုက်တက်အသင်းအတွက်ဂိုးတွေကို ဘရိုင်ယန်က (၂၃)မိနစ်နဲ့ ဘာ့ခ်က (၇၄)မိနစ်တွေမှာ သွင်းယူပေးခဲ့တာပါ။ မန်ယူအသင်းရဲ့ဂိုးကိုတော့ မက်ဂွိုင်းရားက (၆၄)မိနစ်မှာ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်းနိုင်ပွဲ လုံးဝကို မရှိထားသေးတဲ့ ရှက်ဖီးက အမှတ်ပေးဇယားထိပ်နားက ယူနိုက်တက်ကို အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ အနိုင်ယူကာ ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ မန်ယူနိုက်တက်ကတော့ ထိပ်ဆုံးက မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး ၁ မှတ်ကွာဟနေပါ‌တယ်။