Unicode Version
ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ ၂-၃ နဲ့အနိုင်ရရှိခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းဟာ အဆင့် ၄ နေရာထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ဒီနှစ်ဘောလုံးရာသီမှာ ရလဒ်တွေဆက်တိုက်ကောင်းမွန်နေခဲ့တဲ့ ဝက်စ်ဟမ်းအသင်းဟာ ဒီပွဲမှာလည်း ပွဲအစ ၃ မိနစ်မှာတင် ဇာဟာရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပေမယ့် ချေပဂိုးတွေ၊ အနိုင်ဂိုးတွေ အကောင်းဆုံး ပြန်လည်သွင်းယူ နိုင်ခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်းအတွက် ဂိုးတွေကိုတော့ ကွင်းလယ်ကစားသမား ဆူဆက်ခ်ကနှစ်ဂိုး၊ နောက်ခံလူခရိတ်ဒေါ်ဆင်က တစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပြီး နာကျင်အချိန်ပိုမှာ ဘတ်ရှူအာယီက ပဲလေ့စ်အတွက် နှစ်သိမ့်ဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။
ဝက်စ်ဟမ်း အသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ချယ်လ်ဆီး အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၈ ပွဲဆက် ရှုံးပွဲမရှိခဲ့သလို နောက်ဆုံး ၆ ပွဲဆက် အနိုင်ကစား ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းအသင်းက မနေ့ညပရီးမီးယားလိဂ်ပွဲစဉ်များအပြီးမှာတော့ ရမှတ် ၃၅ မှတ်နဲ့ လီဗာပူးနဲ့စပါးကိုကျော်ဖြတ်ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။
လီဗာပူးနဲ့စပါးတို့က ပွဲကျန်တွေ ရှိသေးတာကြောင့် သူတို့ကို ပြန်လည် ကျော်ဖြတ်သွားမယ့် အနေအထားလည်း ရှိနေဆဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဝက်စ်ဟမ်းအသင်းရဲ့ လက်ရှိရလဒ်နဲ့ စွမ်းဆောင်ရည်များအရ ဥရောပဝင်ခွင့်တစ်နေရာကိုတော့ မှန်းလို့ရလောက်တဲ့အနေအထားဖြစ်ပါတယ်။