Spots news

သေချင်တဲ့ကျား တောပြောင်းသလို ဖြစ်ခဲ့ပါတယ် ဆိုတဲ့ လူကာဂျိုဗစ်

Unicode Version

ကစားသမား တစ်ယောက် ခြေစွမ်းဘယ်လောက်ရှိရှိ အဲဒီအသင်းနဲ့ ကံမစပ်ဘူးဆိုရင် အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ်။ အသင်းပြောင်းမှ အောင်မြင်တဲ့ ကစားသမား တချို့ရှိပါတယ်။ ဆားဘီးယား တိုက်စစ်မှူး ဂျိုဗစ်ကတော့ သူ့အနေနဲ့  ရီးရဲလ်အသင်းမှာ ကံဆိုးခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

လူကာဂျိုဗစ်ဟာ ရီးရဲလ်မက်ထရစ်မှာ ဘောလုံးရာသီ တစ်ရာသီနဲ့ ရာသီဝက် ကစားခဲ့ပေမယ့် သွင်းဂိုး ၂ဂိုးသာ သွင်းယူပေး နိုင်ခဲ့ပါတယ်။အသက် (၂၃) နှစ်အရွယ်ရှိ ပြီဖြစ်တဲ့ ဂျိုဗစ်ဟာ ၂၀၁၉ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ဖရန့်ဖတ်အသင်း ကနေ ရီးရဲလ် အသင်းဆီကို ယူရိုသန်း (၆၀) နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် ဂျိုဗစ် တစ်ယောက် ရီးရဲလ်အသင်းမှာ ရုန်းကန်ခဲ့ရပြီး ခက်ခဲတဲ့ အနေအထားတွေနဲ့သာရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ရီးရဲလ်အသင်းဟာ ဂျိုဗစ်ကို အသင်းဟောင်း ဖရန့်ဖတ်ဆီကိုအခုရာသီကုန်အထိ အငှားပြန်ချခဲ့ပါတယ်။ ဂျိုဗစ်တစ်ယောက် အသင်းဟောင်းဆီ ပြန်ရောက်ချိန်မှာတော့ ကံကောင်းနေပါတယ်။

ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူးဟာ ဖရန့်ဖတ်အတွက် ဒုတိယအကြိမ် ကစားသမားဘဝမှာ အကောင်းဆုံး ခြေစွမ်းပြသ နေသလို သုံးပွဲကစားပေးထားပြီး ၃ဂိုးသွင်းယူ ပေးထားပါတယ်။ ဂျိုဗစ်ဟာအဲဒီ (၃)ပွဲတွင် ပွဲချိန် (၇၆)မိနစ်သာ ကစားခဲ့ရပေမယ့် (၃)ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

“ကျွန်တော် ရီးရဲလ် မက်ထရစ်မှာ ကံမကောင်းခဲ့ပါဘူး။ ဒဏ်ရာတွေက ကျွန်တော့်အတွက် နစ်နာစရာဖြစ်ခဲ့ပါတယ်။ ဖရန့်ဖတ်အသင်းကို ပြန်လာရတဲ့အတွက် ကျွန်တော် ပျော်ပါတယ်။ ကျွန်တော် ဒီအသင်းမှာ အရမ်းကိုသက်သောင့်သက်သာ ဖြစ်ပါတယ်။ သူတို့ကကျွန်တော့်ကို ဒီမှာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်”

“ဒါပေမယ့် ရီးရဲလ် မက်ထရစ်မှာ ကျွန်တော့်အနေနဲ့ နေ့တိုင်းလိုလို ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေနဲ့ လေ့ကျင့်ခွင့် ရခဲ့ပါတယ်။ အဲဒါကလည်း ကောင်းတဲ့ အတွေ့အကြုံပါပဲ။ ရီးရဲလ်မှာ (၂)ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် အခုဆို ဖရန့်ဖတ်မှာ (၃)ဂိုး သွင်းယူထား နိုင်ပါပြီ” ဆိုပြီး ဂျိုဗစ်ကပြောပါတယ်။