Unicode Version
သူ့အနေနဲ့ ချယ်လ်ဆီးကစားသမား ဘဝမှာ အမှတ်တရများစွာ ရှိခဲ့ပြီး အသင်းမှာ နောက်တစ်ကြိမ် ကစားခွင့်ရချင် သေးတယ်လို့ ဘရာဇီးလ်ကွင်းလယ် တိုက်စစ် ကစားသမား အော်စကာက ပြောကြားလိုက်ပါတယ်။
အော်စကာဟာ ၂၀၁၂ ကနေ ၂၀၁၇ အထိ ချယ်လ်ဆီးအသင်းမှာ ကစားခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၂၀၃ ပွဲမှာ ၃၈ ဂိုး သွင်းယူပေး နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ တရုတ် စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့ သွားခဲ့တာပါ။
သူ့အနေနဲ့ မိသားစုကို ချမ်းချမ်းသာသာ ထားချင်လို့ တရုတ်ကို ပြောင်းခဲ့တာဖြစ်ကြောင်း ၂၀၁၈ ခုနှစ် လောက်ကတည်းက အော်စကာက အတိအလင်း ပြောကြားခဲ့ ဖူးပါတယ်။ လတ်တလော မှာလည်း သူ့အနေနဲ့ တရုတ်ကထွက်ခွာဖို့ မစဉ်းစားသေး ပေမယ့် ကစားသမားဘဝက အနားမယူခင် တော့ ချယ်လ်ဆီးမှာ ပြန်ကစားချင် သေးတယ်လို့ ဆိုပါတယ်။
“လောလောဆယ်တော့ ကျွန်တော် တရုတ်ကထွက်ဖို့ မစဉ်းစားသေးပါဘူး။ ကျွန်တော်ဒီမှာလုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမယ့် ကစားသမားဘဝက အနားမယူခင်တော့ ချယ်လ်ဆီးအတွက် နောက်တစ်ကြိမ်ကစားပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ချယ်လ်ဆီး နဲ့ ကျွန်တော့်ကြားမှာ အမှတ်တရတွေ အများကြီး ရှိပါတယ်။
ချယ်လ်ဆီးကို ပြန်ရောက် ဖြစ်ခဲ့မယ် ဆိုရင် ကျွန်တော် အသက်လည်း နည်းနည်းကြီးနေလောက် ပါပြီ။ ဒါပေမယ့် ကျွန်တော်အကောင်းဆုံး ကစားနိုင်ဦးမယ် ဆိုရင် အသင်းမှာ ကျွန်တော့်အတွက် တစ်နေရာ ရှိဦးမယ်လို့ ယုံကြည်ပါတယ်။
ဒီလို ပြန်ကစားခွင့် ရဖို့ကလည်း နည်းနည်းတော့ခက်ခဲနိုင်တယ် ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် အသင်းဖက်က ကျွန်တော့်ကို လိုအပ်ဦးမယ် ဆိုရင်တော့ ကျွန်တော် ကစားပေးဖို့အသင့်ပါပဲ”လို့ အော်စကာက ပြောကြားခဲ့ပါတယ်။
အသက် ၂၉ နှစ် အရွယ် ရှိပြီဖြစ်တဲ့ အော်စကာဟာ ရှန်ဟိုင်း SIPG အသင်း အတွက် ပြိုင်ပွဲစုံ ၁၃၅ ပွဲ ပါဝင် ကစားပေးထား ရာမှာတော့ ၄၄ ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။