Unicode Version
လက်ရှိမှာ PSG အသင်းနဲ့ စာချုပ်သစ်ကိစ္စမပြီးပြတ်သေးဘဲ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေတဲ့ တိုက်စစ်ကစားသမား အမ်ဘာပေကတော့ သူ့အနေနဲ့ အသင်းမှာ ပျော်ရွှင်နေပြီး
စာချုပ်သစ်ချုပ်ဖြစ်ရင် ကာလရှည်စာချုပ်ချုပ်ဆိုသွားဖို့ စဉ်းစားနေတယ်လို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် သူက သူ့အနေနဲ့ ဆုံးဖြတ်ချက်ကို သိပ်မကြာခင်မှာ ချမှတ်သွားတော့မှာဖြစ်တယ်လို့လည်း ဆိုလိုက်ပါတယ်။
လက်ရှိမှာ အသက် ၂၂ နှစ်ပဲရှိနေသေးပေမယ့် အမ်ဘာပေဟာ ဘောလုံးလောကရဲ့အထင်ရှားဆုံးလူငယ်ကြယ်ပွင့်တစ်ဦးအဖြစ်ခြေစွမ်းပြနေပြီး PSG အသင်းမှာလည်း ကြယ်ပွင့်ကစားသမားအဖြစ်
စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့အပေါ် ရီးရဲလ် ၊ လီဗာပူးလိုအသင်းတွေကလည်း စိတ်ဝင်စားလာခဲ့ပြီး ရီးရဲလ်အသင်းကတော့ ထိပ်ဆုံးကနေ ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်ပဲ PSG အသင်းကတော့ အမ်ဘာပေကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားလာခဲ့တာဖြစ်ပြီး အခုထိတော့ သဘောတူညီမှုမရရှိသေးတာပါ။ အမ်ဘာပေရဲ့စာချုပ်သက်တမ်းဟာ
နောက်နှစ်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ သို့ပေမယ့် ဘာပေကတော့ အသင်းမှာ နေထိုင်ရတာ ပျော်ရွှင်နေကြောင်း ပြောဆိုလိုက်ပါတယ်။
အခုတော့ သူ့စာချုပ်သစ်နဲ့ပတ်သက်ပြီး အမ်ဘာပေကတော့ “အသင်းနဲ့ ကျွန်တော် ဆွေးနွေးမှုရှိနေပါတယ်။ တကယ်လို့ စာချုပ်သစ်ချုပ်ဆိုဖြစ်ရင်တော့ ကျွန်တော့်အနေနဲ့ ဒီအသင်းမှာ ကာလရှည်ရှိနေဖို့ ရည်ရွယ်ထားပါတယ်။
ဒီအသင်းမှာ နေထိုင်ရတာကောင်းမွန်တယ်လို့ ကျွန်တော် ခံစားရပါတယ်။ သိပ်မကြာခင်မှာတော့ ကျွန်တော့်အနေနဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်သွားတော့မှာပါ” လို့ သူက ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။