Spots news

“မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာခဲ့ရပြီဖြစ်တဲ့ မားကို့စ်ရိုဟို”

မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူ မားကို့စ်ရိုဟိုဟာ အာဂျင်တီးနားကလပ်ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့ဖို့ ဆေးစစ်မှုတွေ ပြီးစီးခဲ့ပြီလို့ သိရပါတယ်။ အာဂျင်တီးနားနောက်ခံလူဟာ ယူနိုက်တက်မှာမတည်မငြိမ်မှုတွေနဲ့ ၇ နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက်မှာ မိခင်နိုင်ငံဆီ ပြန်လည်သွားရောက်ကစားခဲ့ရတာလည်းဖြစ်ပါတယ်။

အသက် ၃၀ အရွယ်နောက်ခံလူဟာ ဘယ်နောက်ခံလူ၊ ဗဟိုခံစစ်ကစားသမားအဖြစ် ကစားနိုင်သူဖြစ်ကာ အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ အဓိကကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၂၂ ပွဲကစားပေးခဲ့ပြီး ၂ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရိုဟိုဟာ အသင်းကို ရောက်ရှိချိန်က ပုံမှန်ကစားခွင့်ရရှိခဲ့ပေမယ့်လည်း နောက်ပိုင်းကာလတွေမှာတော့ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မကြာခဏအနားယူခဲ့ရပါတယ်။

ရိုဟိုဟာ ပြီးခဲ့တဲ့ရာသီကလည်း အသင်းဟောင်းအက်စတူဒီးယန့်စ်ကို အငှားနဲ့သွားရောက်ကစားခဲ့ရပြီး ၁ ပွဲသာ ကစားရပြီး ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဆိုးလ်ရှားလက်ထက်မှာ ပွဲကစားခွင့်မရသလောက်ဖြစ်နေတဲ့နောက် ရိုဟိုဟာ အာဂျင်တီးနားကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မနေ့ကပဲ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ကာ အဆင်ပြေချောမွေ့ခဲ့တယ်လို့လည်း သိရပါတယ်။

ယူနိုက်တက် နဲ့ ကစားသမားကြားမှာ စာချုပ်ဖျက်သိမ်းဖို့အတွက် ဆွေးနွေးခဲ့ကြပြီး သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့် ဘိုကာဂျူနီယာကို သူ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အလွတ်ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ခန့်မှန်းရပြီး ယူနိုက်တက်အနေနဲ့ ပေါင် ၁၆ သန်းပေးဝယ်ခဲ့ရတဲ့ ခံစစ်မှူးအတွက် ပြောင်းရွှေ့ကြေးပြန်လည်ရရှိမှာလည်း မဟုတ်ဘူးလို့ ယူဆရမှာဖြစ်ပါတယ်။

Credit, Shwe soccer