Spots news

လူငယ်တိုက်စစ်မှူးဟူဂယ်လ်ကို အသင်းကြီးမှာနေရာပေးသွားမယ့် ဆိုလ်းရှား

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြအိုလီဂန်နာဆိုးလ်ရှားကတော့ မကြာခင်အချိန်အတွင်း အကယ်ဒမီကစားသမား ဂျိုးဟူဂယ်လ်ကို ပထမအသင်းမှာ အခွင့်အရေး ပေးသွားမှာ ဖြစ်ကြောင်း အရိပ်အမြွတ်ပြောသွားခဲ့ပါတယ်။ တိုက်စစ်မှူးလေးဟာ စနေနေ့က လီဗာပူးလူငယ်အသင်းကို ၆-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ယူ ၂၃ အသင်းအတွက် တစ်ယောက်တည်း ၄ ဂိုးသွင်းယူခဲ့သူ ဖြစ်ပါတယ်။

အဲ့ဒီပွဲစဉ်မှာစီးရီးအေကလပ် အတ္တလန္တာကနေ ပေါင် ၃၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ပထမဆုံး ပွဲဦးထွက်မှာတင် ၂ ဂိုးသွင်းခဲ့တဲ့ အာမက်ဒိုင်ယာလိုထက်တောင် ပိုပြီးအာရုံစိုက်ခံခဲ့ရပါတယ်။ ၁၈ နှစ်အရွယ် ဒိုင်ယာလိုကလည်း ညာတောင်ပံကစားသမား လိုအပ်နေတဲ့ ယူနိုက်တက်အသင်းကြီးမှာ နည်းပြဆိုးလ်ရှား အားကိုးလို့ရမယ့် ကစားသမား ဖြစ်လာနိုင်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြဆိုးလ်ရှားကတော့ ဒိုင်ယာလိုကို အင်္ဂလန်မှာ အခြေကျဖို့ အချိန်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒိုင်ယာလိုအပြင် ယူ ၂၃ အသင်းမှာ ၁၁ ပွဲကစားပြီး ၈ ဂိုးသွင်းကာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ ဟူဂယ်လ်ကိုလည်း အခွင့်အရေးပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားက “သူ့ကို (ဒိုင်ယာလို) ဒီမှာ အခြေကျဖို့ အချိန်ပေးသွားမှာပါ၊ သူ့စကေးတွေ ပြသဖို့နဲ့ တိုးတက်လာဖို့အပြင် အင်္ဂလန်မှာ ကျွန်တော်တို့ရဲ့ ကစားပုံ ကစားဟန်တွေနဲ့ အသားကျဖို့ အချိန်လိုအပ်ပါတယ်။ လီဗာပူးနဲ့ ယူ၂၃ ပွဲစဉ်က ကစားသမားတွေထဲမှာဆိုရင် ဟူဂယ်လ်ကိုလည်း ရွေးချယ်မှာပါ ” လို့ ပြောခဲ့ပါတယ်။

စနေနေ့က ပေးခဲ့တဲ့ မှတ်ချက်စကားတွေထဲမှာတော့ နည်းပြဆိုးလ်ရှားက ဟူဂယ်လ်ကို ထိပ်တန်းတိုက်စစ်မှူး တစ်ဦးအဖြစ် သုံးနှုန်းခဲ့ပါတယ်။ ဆိုးလ်ရှားက “ဟူဂယ်လ်တစ်ယောက်တည်း ၄ ဂိုးသွင်းခဲ့ပါတယ်၊ သူကထိပ်တန်းတိုက်စစ်မှူးတစ်ဦး ဖြစ်လာမယ့်သူပါ၊ သူ့ရဲ့တိုးတက်မှုတွေကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ အာမက်လည်း အကောင်းဆုံး စတင်နိုင်ခဲ့တယ်၊ ဒါပေမယ့် ပင်နယ်တီကို ကိုယ်တိုင်ကန်ပြီး ဘာလို့ ၅ ဂိုးမဖြစ်အောင် မလုပ်တာလဲဆိုတာတော့ ဂျိုးကိုမေးရဦးမယ် ” ဆိုပြီး ပြောခဲ့ပါတယ်။