Spots news

၉ ဂိုးပြတ်အနိုင်နဲ့ နိုင်ပွဲပြန်လည်ရယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

ပရီးမီးယားလိဂ်နှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဆောက်သမ်တန်အသင်းကို (၉-၀)ဂိုးနဲ့ အပြတ်အသတ်အနိုင်ရကာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးကို ရမှတ်တူနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။

ပွဲစပြီး တစ်မိနစ်ကျော်လောက်မှာပဲ မန်ယူကွင်းလယ်လူ တွမ်မီနေးကို ကစားပုံကြမ်းတမ်းလို့ ဆောက်သမ်တန်ကွင်းလယ်လူ ဂျန်ကီဝစ် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ တစ်ယောက်အသာရသွားတဲ့ မန်ယူအသင်းကစိတ်ကြိုက်ဖိကစားပြီး ဂိုးသွင်းခွင့်များစွာ ရရှိခဲ့သလို၊ ဂိုးတွေလည်း ရရှိခဲ့ပါတယ်။ အဖွင့်ဂိုးကို ပွဲချိန် (၁၈)မိနစ်မှာ လုခ်ရှောရဲ့ ဖြတ်တင်ဘောကို ဝမ်ဘစ်ဆာကာက ပိတ်သွင်းခဲ့တာပါ။

ဂိုးပေါက်‌တွေ့သွားတဲ့ မန်ယူအသင်းဟာ တောက်လျှောက် တိုက်စစ်ဆင်ခဲ့ပြီး ပွဲချိန် (၂၅)မိနစ်မှာ ရပ်ရှ်ဖို့ဒ်၊ (၃၄)မိနစ်မှာ ဘတ်နာရက်ခ်ရဲ့ OG ဂိုးနဲ့ ပွဲချိန် (၃၉)မိနစ်မှာ ကာဗာနီရဲ့ သွင်းဂိုးတွေကြောင့် ပထမပိုင်းမှာတင် (၄)ဂိုးပြတ်အနိုင်ရနေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဆိုးလ်ရှားဟာ ကာဗာနီနဲ့ လုခ်ရှောတို့ကို ထုတ်ပြီး မာစီယဲလ်နဲ့ ဗန်ဒယ်ဘိခ်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ ဒုတိယပိုင်း (၅၄)မိနစ်မှာ ချီအဒမ် တစ်ဂိုးပြန်သွင်းခဲ့ပေမဲ့ VAR နဲ့ ပယ်ချခံခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ မန်ယူအသင်းက တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် ဂိုးသွင်းခွင့်တွေ ပြန်လည်ရရှိခဲ့ပြီး ပွဲချိန် (၆၉)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုကနေ မာစီယဲလ်က (၅)ဂိုးမြောက်ဂိုးကို သွင်းယူခဲ့ပြီး နောက် (၂)မိနစ်အကြာဖြစ်တဲ့ ပွဲချိန် (၇၁)မိနစ်မှာ တွမ်မီနေးက အဝေးကန်ချက်နဲ့ မန်ယူအတွက် (၆)ဂိုးမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။

ကျန်ပွဲချိန်တွေမှာ မန်ယူအသင်းဟာ ဂိုးရသလောက်သွင်းနိုင်ဖို့ တိုက်စစ်ကို ဆက်တိုက်ဖွင့်ခဲ့ပြီး ပွဲချိန် (၈၇)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်(ပယ်နယ်တီ)၊ မိနစ် (၉၀)မှာ မာစီယဲလ်နဲ့ နာကျင်အချိန်ပို (၉၀+၃)မိနစ်မှာ ဒန်နီယဲလ်ဂျိမ်းစ်တို့က မန်ယူအသင်းအတွက် ဂိုးတွေ ဆက်သွင်းခဲ့တာကြောင့် မန်ယူဟာ ပွဲအပြီးမှာ (၉-၀)ဂိုးနဲ့ ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့တာပါ။