Spots news

၂၂ ပွဲမှာ ၂၂ ဂိုးရရှိအောင် စွမ်းဆောင်ပေးထားတဲ့ ဘရူနို ဖာနန်ဒက်စ်

Unicode Version

ပရီးမီးယားလိဂ်ပွဲစဉ် – ၂၂ ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် မန်ယူနဲ့ဆောက်သမ်တန်တို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ မန်ယူအသင်းက ၉ ဂိုးပြတ်နိုင်ပွဲရရှိသွားခဲ့ပါတယ်။

ကာဗာနီကိုအထောင်ထားပြီး ဂရင်းဝုဒ်၊ ဘရူနို၊ ရပ်ဖို့ဒ်တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့တဲ့ မန်ယူအသင်းဟာ အကောင်းဆုံးတိုက်စစ်စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့သလို ဆောက်သမ်တန်ဖက်က ကစားသမား၂ ယောက်ထိ ထုတ်ပယ်ခံခဲ့ရတာကြောင့်လည်း အခုလိုမျိုး ဂိုးရလဒ်က ပြတ်သားသွားခဲ့တာပါ။

မန်ယူအသင်းအတွက် သွင်းဂိုးများကိုတော့ ဘစ္စကာ၊ ရပ်ဖို့ဒ်၊ ကာဗာနီ၊ တိုမီနေး၊ ဘရူနိုတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ပြီး လူစားဝင်ကစားသမားတွေဖြစ်တဲ့ မာရှယ်(၂ဂိုး)၊ ဒန်နီရယ်လ်ဂျိမ်းစ်တို့လည်း ဂိုးရခဲ့ကြသလို ဆောက်သမ်တန်နောက်ခံလူဘတ်နာရတ်ခ်ကလည်း ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့သေးတာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် မန်ယူအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ရမှတ်တူအနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပေမယ့် မန်စီးတီးကတော့ ၂ ပွဲလျော့ကစားထားခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲမှာ မန်ယူအသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်သူ ဘရူနိုဖာနန်ဒက်စ်လည်း အကောင်းဆုံးခြေစွမ်းပြကစားသွားခဲ့ပြီး ကိုယ်တိုင်တစ်ဂိုးသွင်းယူခဲ့တဲ့အပြင် အသင်းဖော်တွေကိုလည်း နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဘရူနိုဟာ ဒီနှစ်ဘောလုံးရာသီ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ၂၂ ပွဲပါဝင်ကစားပေးထားခဲ့ရာမှာတော့ သွင်းဂိုး ၂၂ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့တာလည်းဖြစ်ပါတယ်။ကိုယ်တိုင် ၁၂ ဂိုးသွင်းယူပြီး အသင်းဖော်တွေကိုတော့ ၁၀ ဂိုးဖန်တီးပေးထားခဲ့တာပါ။