Spots news

အသင်းခေါင်းဆောင် လက်ပတ်ကို လွှင့်ပစ်ပြီး ခြေပစ်လက်ပစ် ထိုင်ချခဲ့ရတဲ့ ရော်နယ်ဒို

Unicode Version

နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ့် အဆုံးအဖြတ် ပွဲအဖြစ် ပေါ်တူဂီနဲ့ စပိန်တို့ ကစားခဲ့ရမှာတော့ စပိန်က မိုရာတာရဲ့ ၈၈ မိနစ်မှာ သွင်းယူတဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိသွား ခဲ့ပါတယ်။

သရေကျရုံနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ့် ပေါ်တူဂီတို့ အိမ်ကွင်းမှာ အရှုံးပေးခဲ့ ရလို့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး နေးရှင်းလိဂ်နဲ့ လွဲ​ရပြီဖြစ်ပါတယ်။

ပေါ်တူဂီက ကစားသမားကောင်းတွေ ပိုရှိတယ်လို့ ဒီပွဲမတိုင်ခင်မှာ စပိန်နည်းပြ အင်းနရစ်က ပြောဆိုခဲ့တဲ့ အတိုင်း လူစာရင်းအရ ပေါ်တူဂီက သာလွန်ခဲ့ပါတယ်။

အဓိက ကစားသမား အားလုံးကို အသုံးပြုခဲ့ပြီး စပိန်ကို အသာရဖို့ ကြိုးစားခဲ့ပေမယ့်လည်း ထင်မှတ်သလို ဖြစ်မလာခဲ့ဘဲ ပွဲပြီးခါနီးပေးလိုက်ရတဲ့ ဂိုးက သူတို့ကို အသည်းခွဲသွားခဲ့ပါတယ်။

ရော်နယ်ဒိုက ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး အသင်းရှုံးပွဲ အတွက် စိတ်ပျက်ခဲ့ရကာ အသင်းခေါင်းဆောင် လက်ပတ်ကို နောက်တကြိမ်လွှင့်ပစ်ခဲ့ပြီး ကွင်းထဲ ခြေပစ်လက်ပစ် ထိုင်နေတာကို မြင်တွေ့ခဲ့ ရပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးရင် ဒီရာသီကုန်ရင် ကစားသမား ဘ၀ကနေ ရော်နယ်ဒို အနားယူသင့်နေပါပြီ။ သူ့ပရိသတ် အနေနဲ့လည်း ရော်နယ်ဒိုတယောက် ကွင်းထဲမှာ ဘာမှမလုပ်နိုင်၊ အသင်းရှုံးရင် စိတ်ပျက်၊ ဂိုးမသွင်းနိုင်ရင် ဒေါသတွေထွက်နေတဲ့ ပုံစံကို မြင်ချင်တော့မှာ မဟုတ်ပါဘူး။

သူ့ ကစားသမားဘ၀မှာ သူလုပ်ပြနိုင်တဲ့ အမြင့်ဆုံး လုပ်ဆောင်မှုတွေ အားလုံး လုပ်ခဲ့ပြီးပြီပဲ။ သဘာ၀အတိုင်း ဖြစ်လာတဲ့ နိမ့်ပါးမှုတွေကို ပပရိသတ် ရှေ့မှာ မပြတော့တာက ပိုပြီးကောင်းမယ် ထင်ပါတယ်။

အနိုင်ရခဲ့တဲ့ စပိန်က ဒီအုပ်စုမှာ ရမှတ် ၁၁ မှတ်နဲ့ အုပ်စုဗိုလ်ဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ကို နယ်သာလန်၊ ခရိုအေးရှား၊ အီတလီနဲ့ စပိန်တို့ တက်ရောက်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကြိမ်မှာ ပေါ်တူဂီနဲ့ ပြင်သစ်တို့ ဗိုလ်စွဲခဲ့တာကြောင့် ဒီတကြိမ်မှာတော့ ချန်ပီယံလိဂ်အသင်းသစ် ထွက်ပေါ်လာတော့မှာ ဖြစ်ပြီး နယ်သာလန်နဲ့ စပိန်တို့ကတော့ ဗိုလ်လုပွဲကို တကြိမ်စီ တက်ရောက် ထားဖူးတဲ့ အသင်းတွေ ဖြစ်ပါတယ်။

Zawgyi Version








