Spots news

လက်ချောင်းလေးကျွံနေလို့ ပယ်ဖျက်ခံလိုက်ရတဲ့ ဆောက်သမ်တန်ရဲ့ ဂိုး

Unicode Version

ယူနိုက်တက်ကို ၉ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲချိန် ၅၅မိနစ်အရောက် ဆောက်သမ်တန်တိုက်စစ်မှူး ချီအဒမ်ရဲ့သွင်းဂိုးကို VAR က လူကျွံဘောအဖြစ် သတ်မှတ်ကာ ပယ်ဖျက်လိုက်ပြီးနောက် အိမ်ကနေ တိုက်ရိုက် ကြည့်ရှုနေတဲ့ ပရိသတ်အများစုလည်း အံ့အားသင့်သွားပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ အဒမ်ဟာ ထောင့်ဖြတ်အနေအထားကနေ အပြင်းကန်သွင်းသွားတာဖြစ်ပေမယ့် VAR ပြန်ကြည့်ခဲ့ပြီးနောက် ကွင်းလယ်ဒိုင် မိုက်ဒင်းက အဒမ် လူကျွံနေတယ်လို့ဆုံးဖြတ်ကာ အဲဒီဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

AP သတင်းဌာနက ဂျာနယ်လစ် ရော့ဘ်ဟားရစ်က ”တကယ့်စစ်မှန်တဲ့ပရိသတ်တွေကတော့ ဒီဂိုးကို လူကျွံဘောလို့မမြင်ကြပါဘူး”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ပရိသတ်တွေကလည်း တွစ်တာမှာ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သူတို့ရဲ့အမြင်တွေကို ရေးသားမျှဝေခဲ့ပြီး ရော့ဘ်ဟားရစ်ရဲ့တွစ်တာကို ပြန်လည်မျှဝေခဲ့ကြပါတယ်။

”တကယ်လို့ ချီအဒမ်သာ ပွဲမစခင် သူ့လက်ချောင်းလေးတွေကို ဖြတ်ထားခဲ့ရင် သူလည်း Onside ဖြစ်သွားမှာပဲ”လို့ ပရိသတ်တစ်ဦးက ရွဲ့ပြီး ရေးသားခဲ့ပါတယ်။

ဆောက်သမ်တန်လူငယ်ကစားသမား အဲလက်စ်ဂျန်ကီဝစ်ဇ်ဟာ အသင်းအတွက် သူ့ရဲ့ပထမဆုံးပွဲထွက်ခွင့်ရတဲ့ပွဲမှာပဲ ပွဲချိန် ၇၉ စက္ကန့်အရောက်မှာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပြီးနောက် ယူနိုက်တက်လည်း ဆောက်သမ်တန်ကို ၉-၀ ဂိုးနဲ့အနိုင်ယူခဲ့ပြီး ပွဲချိန် ၈၆ မိနစ်မှာ ဆောက်သမ်တန်နောက်ခံလူ ဘက်နာရက် ထုတ်ပယ်ခံခဲ့ရပါတယ်။