Spots news

မန်ယူကြယ်ပွင့် အပါအဝင် ကစားသမား ၄ ယောက် ခေါ်ယူပေးဖို့ တောင်းဆိုထားတဲ့ အမ်ဘာပေ

Unicode Version

ပြင်သစ် တိုက်စစ်မှူးလေး အမ်ဘာပေ ဟာ လက်ရှိ ကစားနေတဲ့ ပီအက်စ်ဂျီ အသင်းမှာ တိုက်စစ် ကစားသမားသစ် ၄ ယောက်ကို ခေါ်ယူပေးဖို့ တောင်းဆို ခဲ့တယ်လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။

ပီအက်စ်ဂျီ ဒါရိုက်တာ ကမ်ပိုစ့် ဟာ နွေရာသီ တလျောက်လုံး အလုပ်များ ခဲ့ပြီး ဗီတင်ညာ ၊ ရီနာတို ဆန်ချက် ၊ ဖာဘီယံ ရုဇ် ၊ ကားလိုစ့် ဆိုလာ ၊ ဟူဂို အီကီတိုက် ( အငှားပြန်ချ ) နဲ့ မူကီလီ တို့ကို အသင်းဆီ ခေါ်ဆောင် ပေးခဲ့ ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အလုပ်တွေဟာ အပြီး မသတ်နိုင်လိုက်ဘူးလို့ ကမ်ပိုစ့် က အပြောင်းအရွှေ့ ပိတ်ချိန်မှာ ပြောဆို သွားခဲ့ ပါတယ် ။

ဒါဟာ အခု သတင်းထွက်ပေါ် လာခဲ့သလိုမျိုး ဘာပေ တောင်းဆိုထားတဲ့ ပစ်မှတ်တွေကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားသွားမှာလား ဆိုတာ မေးခွန်းထုတ်ချင်စရာ ဖြစ်ခဲ့ ပါတယ် ။ သတင်းတွေ အရ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ်ရက်ဖိုဒ့်ဟာ အမ်ဘာပေ တောင်းဆိုခဲ့တဲ့ စာရင်းထဲက တယောက် ဖြစ်ခဲ့တယ်လို့ သိရပါတယ် ။

ရက်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒဏ်ရာ ခွဲစိတ်ကုသမှုကြောင့် ရုန်းကန်ခဲ့ရပြီး ပုံစံကောင်းတွေ ပျောက်ဆုံး ခဲ့ရပါတယ်။ ဒါပေမယ့် ဘာပေဟာ ရက်ဖိုဒ့်ကို နှစ်သက် သဘောကျသူ ဖြစ်ပြီး ၂ ဦးစလုံးဟာလည်း လျင်မြန်မှု ၊ ဘောလုံး အရည်အသွေး ရှိမှု ၊ အဆုံးသတ် ဂိုးသွင်းနိုင်မှု စတဲ့ တူညီတဲ့ အချက်အလက်တွေ ပိုင်ဆိုင် ထားကြပါတယ် ။

ဒါ့အပြင် ဘာပေဟာ ရောဘတ် လီဝန်ဒေါ့စကီး ၊ ဒမ်ဘီလီ တို့ကိုလည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ် ။ လီဝန်ဒေါ့စကီး ယဟာ အခု နွေရာသီမှာ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာဖို့ ဖိအားပေး တောင်းဆိုခဲ့ပြီး ဒီသတင်းဟာ ဘောလုံးလောက အတွက် မထင်မှတ်ထားတဲ့ သတင်း ဖြစ်ခဲ့ပါတယ် ။

လက်ရှိမှာတော့ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးကြီးဟာ သူ အရမ်းသွားချင်ခဲ့တဲ့ ဘာစီလိုနာ ကို ရောက်ရှိ နေပြီး ဂိုးတွေ ဆက်လက်သွင်းယူပေးနေခဲ့ပါတယ် ။ ဘိုင်ယန်ကနေ ထွက်မယ်လို့ သတင်းကြီးလာချိန်တုန်းက ပီအက်စ်ဂျီဟာလည်း လီဝန်ဒေ့ါစကီး နဲ့ အသံထွက်လာခဲ့ဖူးပါတယ် ။

ဒမ်ဘီလီ ကတော့ ဘာကာ နဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေတာကြောင့် ရာသီအကုန်မှာ သက်တမ်းကုန်ပြီး အသင်းလက်မဲ့ ဖြစ်ခဲ့ရပါတယ်။ နွေရာသီမှာ ဒမ်ဘီလီဟာ ပီအက်စ်ဂျီကို ပြောင်းဖို့နဲ့ ဘာစီလိုနာ နဲ့ သက်တမ်းတိုးဖို့ ဆိုတဲ့ ရွေးချယ်စရာ လမ်း ၂ ခုကြားမှာ အသင်းဟောင်း နဲ့ ဆက်လက် သက်တမ်း တိုးသွားခဲ့ပါတယ်။

နောက်ဆုံး တယောက်ကတော့ ဂီယန်လူကာ စကာမာကာ ပါပဲ။ ဆာဆူအိုလို မှာ ကစားနေတဲ့ အီတလီ တိုက်စစ်မှူး ကို အမ်ဘာပေ သဘောကျခဲ့ ပါတယ် ။ ဒါကြောင့်လည်း ပီအက်စ်ဂျီ ဟာ စကာမာကာ အတွက် ကြိုးစားခဲ့တာပါ ။ ဒါပေမယ့် နောက်ဆုံးမှာတော့ စကာမာကာက ဝက်စ်ဟမ်းကို ပြောင်းရွှေ့ သွားခဲ့ပါတယ်။

အမ်ဘာပေ တောင်းဆိုခဲ့တယ် ဆိုတဲ့ စာရင်းထဲက ၄ ယောက်ထဲမှာ ရက်ဖိုဒ့် က လွဲရင် ကျန် ၃ ယောက်ဟာ အသင်းသစ်တွေဆီ ရောက်ရှိ သွားခဲ့ပါပြီ ( ဒမ်ဘီလီက သက်တမ်းတိုး )။ ဒါကြောင့် လာမယ့် ဇန်နဝါရီမှာ ရက်ဖိုဒ့်ကို ပီအက်စ်ဂျီတို့ ကြိုးစားလာမလား ဆိုတာ စောင့်ကြည့်သွားရမှာပါ ။