Spots news

လီဗာပူးလ်ဟာ ချန်ပီယံပြေးလမ်းပေါ်မှာ မရှိတော့ပါဘူးဆိုတဲ့ ရောဘတ်ဆန်

Unicode Version

ယမန်နေ့ညက အန်ဖီးလ်ကွင်းအတွင်းမှာ ယှဉ်ပြိုင်သွားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကတော့ မထင်ထားခဲ့တဲ့ ရလဒ်မျိုးထွက်ပေါ်သွားခဲ့ရပါတယ်။ လီဗာပူးလ်တို့ ဒီပွဲကို သေချာပေါက် အနိုင်ရလိမ့်မယ်လို့ မှန်းဆထားခဲ့ပေမယ့်လည်း မမျှော်လင့်ပဲ ဧည့်သည်ဘရိုက်တန်က အယ်ဇက်တီရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အဝေးကွင်းမှာ လီဗာပူးလ်ကို အနိုင်ယူခဲ့ပါတယ်။

ဒီရှုံးပွဲဟာ လီဗာပူးလ်အသင်း ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဒုတိယမြောက် အိမ်ကွင်းရှုံးပွဲဖြစ်ခဲ့ရပြီး ဒီရှုံးပွဲမတိုင်ခင်မှာလည်း ဘန်လေကို ရှုံးနိမ့်ခဲ့ရပါသေးတယ်။ အခုဆိုရင် လီဗာပူးလ်အသင်းဟာ ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ (၇)မှတ်အထိကို ကွာဟသွားခဲ့ပြီဖြစ်ပြီး မန်စီးတီးကလည်း တစ်ပွဲလျော့ အနေအထားရှိနေလို့ လီဗာပူးလ်ကို (၁၀)မှတ်အထိ ဖြတ်တောက်နိုင်မယ့် အနေအထားအထိ ရှိနေပါတယ်။

ဒီလို အခြေအနေမျိုးကို ရောက်ရှိနေတဲ့နောက် လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား အန်ဒရူးရောဘတ်ဆန်က သူတို့အသင်းအနေနဲ့ လက်ရှိမှာ ချန်ပီယံပြေးလမ်းအတွင်း ရှိမနေတော့ဘူးလို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။

ရောဘတ်ဆန်က “ဘရိုက်တန်က ပိုကောင်းတဲ့ အသင်းဆိုတာ ပြသသွားနိုင်ခဲ့တယ်။ ကျွန်တော်တို့အတွက် စိတ်ပျက်ဖွယ်ရာ ရလဒ်ကို ရင်ဆိုင်လိုက်ရတယ်။ သူတို့က အခွင့်အရေးများစွာကို ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့ကိုလည်း ကောင်းကောင်းဖိအားပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ဘက်က ဘာမှမယ်မယ်ရရ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အိမ်ကွင်းရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့ပြီးနောက်မှာ နောက်ထပ်အိမ်ကွင်းရှုံးပွဲကို ထပ်မံကြုံတွေ့ခဲ့ရတယ်။

လက်ရှိအချိန်မှာဆိုရင်တော့ ကျွန်တော်တို့က ချန်ပီယံပြေးလမ်းထဲမှာ ရှိမနေပါဘူး။ ကျွန်တော်တို့က မန်စီးတီးရဲ့နောက် (၇)မှတ်ကွာဟနေသလို သူတို့က တစ်ပွဲလျော့နေတဲ့အတွက် (၁၀)မှတ်အထိ ကွာဟသွားရနိုင်ပါတယ် ဒါပေမယ့် ကျွန်တော်တို့အသင်းက အသင်းကောင်းတစ်သင်းအဖြစ် ရှိနေဆဲပါ။ ဒီရှုံးပွဲနဲ့ပဲ ကျွန်တော်တို့အသင်းက အသင်းညံ့တစ်သင်း ဖြစ်မသွားပါဘူး” လို့ ရှင်းလင်းပြောဆို သွားခဲ့ပါတယ်။