Unicode Version
ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကတော့ တိုက်စစ်မှူးဟောင်း ဟာဇက်ကို ပြန်ခေါ်ဖို့လုပ်နေပါတယ်။
ဟာဇက်ဟာ ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က ချဲလ်ဆီးကနေ လာလီဂါထိပ်သီးကလပ် ရီးရဲကို ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။ စီရော်နယ်ဒိုရဲ့နေရာကို အစားထိုးဖို့ ခေါ်ယူခဲ့တာဖြစ်လို့ ဟာဇက်အပေါ် ရီးရဲပရိသတ်တွေ မျှော်လင့်ချက်များစွာထားခဲ့ကြတာပါ။
ပရိသတ်တွေရဲ့မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။ ဟာဇက်ဟာ ရီးရဲမက်ဒရစ်ကို ရောက်လာပြီးကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး မြတ်ခင်းစိမ်းထက် ဆေးရုံပေါ်မှာ ကုန်ခဲ့ရတဲ့ အချိန်က ပိုများနေခဲ့တယ်။
လက်ရှိအချိန်မှာလည်း ဟာဇက်ဟာ ဒဏ်ရာကြောင့် ခြောက်ပတ်ခန့် အနားယူရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲဟာ ဟာဇက်အပေါ် စိတ်ကုန်နေပြီဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ချဲလ်ဆီးက သူတို့ရဲ့ ကြယ်ပွင့်ဟောင်းကို ပြန်ခေါ်ဖို့လုပ်လာတာပါ။
ဒါပေမဲ့ ချဲလ်ဆီးဟာ ဟာဇက်ကို ရောင်းချခဲ့စဉ်တုန်းကဈေးထက် ထက်ဝက်ခန့်နှိမ်ပြီး လျှော့ဈေးနဲ့သာ ပြန်လည်ခေါ်လိုနေတာပါ။ ဒါကြောင့် ဟာဇက်အနေနဲ့ ချဲလ်ဆီးကိုပြန်ရောက်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။