Spots news

ယူနိုက်တက်အတွက် ထိုးနှက်ချက်ဖြစ်နေတဲ့ ပေါ့ဘာရဲ့ ဒဏ်ရာအခြေအနေ

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အဓိကကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပေါ့ဘာအနေနဲ့ ပေါင်ဒဏ်ရာကြောင့် နောက်ထပ်(၂)ပတ်အထိ ဆက်လက်အနားယူရဖို့ရှိ၊ မရှိအပေါ် စိုးရိမ်နေပြီဖြစ်ပါတယ်။ ပေါ့ဘာဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ (၆)ရက်တုန်းက အဲဗာတန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပေါင်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲဒီဒဏ်ရာကြောင့် ဝက်စ်ဟမ်း၊ ဝက်စ်ဘရွန်းတို့နဲ့ ကစားခဲ့တဲ့ပွဲတွေကို လွဲချော်ခဲ့ပါတယ်။

အရင်ကတော့ ပေ့ါဘာဟာ ရက်အနည်းငယ်သာ အနားယူရဖို့ရှိတယ်လို့ ခန့်မှန်းခဲ့ပေမယ့် အခုအချိန်မှာ သူ့ဒဏ်ရာအနေအထားက တိုးတက်ကောင်းမွန်လာခြင်း မရှိသေးဘဲ နောက်ထပ်(၂)ပတ်လောက် ဆက်လက်အနားယူရဖို့ရှိနေတဲ့အတွက် အဲဒီအပေါ် ယူနိုက်တက်အသင်းက စိုးရိမ်နေတာပါ။

အဲဒီအတိုင်းသာ တကယ်ဖြစ်လာရင် ပေ့ါဘာဟာ အခုတစ်ပတ်ကစားမယ့် ဆိုစီဒက်နဲ့ ယူရိုပါလိဂ်ပွဲစဉ်၊ တနင်္ဂနွေနေ့မှာ နယူးကာဆယ်နဲ့ ကစားဖို့ရှိနေတဲ့ ပရီးမီးယားလိဂ်ပွဲတွေကို ဆက်လက်လွဲချော်မယ့်အနေအထားပါပဲ။

ပေ့ါဘာအနေနဲ့ ဖေဖော်ဝါရီလ (၂၈)ရက်မှာကစားမယ့် ချယ်လ်ဆီးနဲ့ပွဲ ဒါမှမဟုတ် အဲဒီပွဲအပြီးတစ်ပတ်အကြာမှာ ကစားရမယ့် မန်ချက်စတာဒါဘီပွဲမတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝလာဖို့ရှိတယ်လို့ မျှော်လင့်ရပေမယ့် အခုလောလောဆယ်မှာတော့ ပေါ့ဘာဟာ ဘယ်အချိန်ဘောလုံးပြန်ကစားနိုင်မလဲဆိုတာ အတိအကျပြောလို့ မရသေးပါဘူး။

ယူနိုက်တက်အသင်းဟာ ပေါ့ဘာ မကစားနိုင်တဲ့ပွဲတချို့မှာ ရုန်းကန်ခဲ့ရပြီး အဲဗာတန်နဲ့ပွဲတုန်းက (၂)ဂိုးပြတ် ဦးဆောင်ခဲ့ပြီးမှ ဂိုးတွေပြန်ပေးခဲ့ရသလို၊ ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ FA ဖလားပွဲမှာလည်း အချိန်ပိုအထိ အကြိတ်အနယ်ကစားပြီးမှ အနိုင်ရခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ပွဲမှာ (၁)ဂိုးစီသရေကျခဲ့ပြန်ပါတယ်။

တကယ်လို့ ပေ့ါဘာသာ စောစောစီးစီး ဒဏ်ရာက ပြန်လည်သက်သာလာမယ်ဆိုရင်တော့ လာမယ့်ရက်တွေမှာ ပွဲကျပ်တွေ ဆက်တိုက်ကစားရမယ့် ယူနိုက်တက်အသင်းနဲ့ နည်းပြဆိုးလ်ရှားအတွက် သတင်းကောင်းတစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။ ပေ့ါဘာဟာ လာမယ့်နွေရာသီကျရင် ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ရာသီကုန်မှသာ ဆုံးဖြတ်သွားဖို့လည်းရှိနေပါတယ်။