Spots news

လူငယ်တိုက်စစ်မှူးကို နှစ်ရှည်စာချုပ် ချုပ်ဆိုလိုက်တဲ့ မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်ကိုတော့ ၂၀၂၅ခုနှစ်အထိ (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် အင်္ဂလန်တိုက်စစ်မှူးလေး ဂရင်းဝုဒ်ဟာ သူရဲ့ယူနိုက်တက်အသင်းမှာ လာမယ့် ၂၀၂၅ခုနှစ် ဇွန်လ(၃၀)ရက်နေ့အထိ ကျန်ရှိနေတော့မှာဖြစ်ပါတယ်။

အသက်(၁၉)နှစ်အရွယ် အင်္ဂလန်ကစားသမားလေး ဂရင်းဝုဒ်ဟာ ယူနိုက်တက်လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ လူငယ်ကစားသမားလေးတစ်ယောက်ဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ စီနီယာအသင်းမှာ စတင်ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၈၂)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၂၂)အထိကို သွင်းယူထားနိုင်ခဲ့ကာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရပ်တည်လျက်ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို လာမယ့် ၂၀၂၅ခုနှစ်အထိ (၅)နှစ်စာချုပ်(တစ်နှစ်ထပ်တိုးခွင့်)နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင်(၇၅၀၀၀)အထိ ပေးချေသွားမှာလည်း ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ “အသင်းဆီကို အသက်(၇)နှစ်လောက်မှာ ရောက်လာခဲ့ရင် တစ်နေ့မှာ စီနီယာအသင်းကြီးအတွက် ပါဝင်ကစားရဖို့ အိမ်မက်မက်ကြမှာပါပဲ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီလိုနေရာမျိုး ရောက်လာဖို့အတွက် အစွမ်းကုန် ကြိုးပမ်းခဲ့ရပြီး လွန်ခဲ့တဲ့ (၂)နှစ်က အရမ်းကို ထူးခြားကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော် ပွဲထွက်ကစားခွင့်တွေများစွာကို ရရှိခဲ့ပြီး ဒီနေရာကလည်း ကျွန်တော်ဘောလုံးကစားဖို့အတွက် အကောင်းဆုံးနေရာပဲဆိုတာကို သိရှိခဲ့ရပါတယ်။

နည်းပြနဲ့ သူရဲ့အဖွဲ့ဝင်တွေ တကယ့်ကောင်းမွန်လှတဲ့ ကစားသမားတွေရဲ့ အထောက်အပံ့တွေကနေလည်း ကျွန်တော်များစွာ သင်ယူခဲ့ရပါတယ်။ ကျွန်တော်တို့အသင်း အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အပတ်စဉ်တိုင်း အပတ်တကုတ် ကြိုးစားလုပ်ဆောင်သွားမယ်လို့လည်း ကတိပြုပါတယ်။ အသင်းအတွက် အကောင်းဆုံး ပြန်လည်ပေးဆပ်သွားပါမယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။