Unicode Version
ယူနိုက်တက်ရဲ့ ကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်က အာမက်ဒီယယ်လိုဟာ ယူနိုက်တက်ရဲ့ အားကိုးနိုင်မယ့် ကစားသမား တစ်ယောက်ဖြစ်လာနိုင်ပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့
ထိုက်တန်တဲ့ခြေစွမ်းမျိုး ပြသနိုင်ဖို့လိုကြောင်း ပြောခဲ့ပါတယ်။ ပေါင် ၃၇ သန်းတန် ဒီယယ်လိုဟာ ရီးရဲလ်ဆိုစီဒက်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းကြီးအတွက် ပထမဆုံးအကြိမ် ပွဲဦးထွက်ခဲ့ပါတယ်။
အတ္တလန္တာကနေ ခေါ်ယူထားတဲ့ ၁၈ နှစ်အရွယ် ကစားသမားလေးဟာ ယူနိုက်တက် ယူ ၂၃ အသင်းမှာ နှစ်ပွဲဆက် ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် သူ့ကိုအများကြီး မျှော်လင့်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ဟားဂရေ့ဗ်ကိုယ်တိုင်လည်း ဒီယယ်လိုကိုမျှော်လင့်ထားပေမယ့် သူ့အတွက် ငွေကြေးအများအပြား သုံးစွဲခဲ့ရတာကြောင့် ဆယ်ကျော်သက် တောင်ပံကစားသမားမှာ ဖိအားတွေရှိနေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
ဟားဂရေ့ဗ်က “ကျွန်တော့်အမြင်အရတော့ ကစားသမားတစ်ယောက်ကို အဲ့ဒီလောက်ဈေးကြီးပေးပြီး သူ့ဆီက အဲ့ဒီဈေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးပြသနိုင်ဖို့လိုပါတယ်။ အသင်းကလည်း သူ့အပေါ်မှာ တော်တော်လေး ယုံကြည်တယ် ၊
အဲ့ဒါကြောင့်လည်း ဒီနေ့ပွဲမှာ အရန်ခုံမှာပါလာပြီး လူစားဝင်ကစားခွင့်ပါ ရရှိခဲ့တာပေါ့။ ဒါပေမယ့် ဒီယယ်လိုက အခုမှအစပဲရှိသေးတယ်။ အနာဂတ်အတွက် အကောင်းဆုံးကစားသမား တစ်ယောက်ဖြစ်ဖို့ မျှော်လင့်ပါတယ်”လို့ သုံးသပ်ခဲ့ပါတယ်။
ဟားဂရေ့ဗ်နဲ့တွဲဖက် သုံးသပ်သူ ယူနိုက်တက်ဂန္တဝင် ပေါလ်စကိုးလ်ကလည်း အိုးလ်ထရက်ဖို့ဒ်မှာ အခြေကျဖို့ ဒီယယ်လိုအတွက် အချိန်လိုအပ်ကြောင်း ပြောခဲ့ပေမယ့် ဒီယယ်လိုကစားတာကိုတော့ ပိုကြည့်ချင်သေးကြောင်း ပြောခဲ့ပါတယ်။
စကိုးလ်က “ဒီည သူ့ကိုသိပ်မကြည့်လိုက်ရဘူး၊ ဟုတ်တယ်မလား။ သူ့ပုံစံက ပါရမီရှင် ကစားသမားတစ်ယောက်နဲ့တော့တူပါတယ်။ ပြီးခဲ့တဲ့အပတ်က ယူ ၂၃ အသင်းပွဲကို ကျွန်တော်ကြည့်ဖြစ်ခဲ့တယ်၊ တစ်ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးခဲ့တယ်။ သူ့မှာ ပါရမီပါတာတော့သေချာတယ်၊ ဘယ်ခြေစွမ်းအရမ်းထက်တယ်။
မြန် မမြန်တော့ သိပ်မသေချာဘူး။ အဲ့ဒါတော့ သတိထားမကြည့်လိုက်မိဘူး။ သူကဖန်တီးမှုအားကောင်းတဲ့ ကစားသမားပဲ၊ ၁၈ နှစ်ဆိုတော့ တော်တော်လေး ငယ်သေးတယ်။ ဒါပေမယ့် သူ့ကိုအချိန်ပေးရင်တော့ ကျွန်တော်တို့အတွက် အကောင်းဆုံးတွေ လုပ်ပြလိမ့်မယ်လို့ထင်တယ်”လို့ ပြောခဲ့ပါတယ်။