Unicode Version
သတင်းတွေရဲ့ ဖော်ပြချက်အရ လာမယ့်နွေရာသီအတွင်း ခေါ်ယူနိုင်ရေးအတွက် ဘာစီလိုနာအသင်း ခေါင်းဆောင် မက်ဆီကို မန်စီးတီးအသင်း ကမ်းလှမ်းမှုမှာ ပြီးခဲ့တဲ့နွေရာသီကကမ်းလှမ်းမှုထက် ပေါင်သန်း ၁၇၀ နည်းပါးနေတယ်လို့ သိရပါတယ်။
တိုက်စစ်မှူးမက်ဆီဟာ ဘာစီလိုနာအသင်းမှာ ဆက်ကစားဖို့ မဆုံးဖြတ်ခင် သြဂုတ်လက စီးတီးကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ဖူးပြီး အခုလည်း ရာသီအကုန်မှာ နူးကမ့်အခြေစိုက်အသင်းကနေ ထွက်ခွာဖို့ ရာခိုင်နှုန်းများနေပါတယ်။
The Sun သတင်းစာရဲ့ဖော်ပြချက်အရ စီးတီးဟာ ပြီးခဲ့တဲ့နွေရာသီက အသက် ၃၃ နှစ်အရွယ်ရှိ အာဂျင်တီးနား အသင်းခါင်းဆောင် မက်ဆီကို
ပေါင်သန်း ၆၀၀ တန် စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် အခုတော့ ပေါင်သန်း ၄၃၀ တန် စာချုပ်ချုပ်ဆိုဖို့ပဲ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
အဲဒီသတင်းကပဲ စီးတီးအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာအခြေအနေအပြင် မက်ဆီ အသက်တစ်နှစ်ကြီးသွားတာကြောင့် အရင်တုန်းက ကမ်းလှမ်းမှုအတိုင်း ဆက်လက် မကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
မက်ဆီဟာ ယခုရာသီ အကုန်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ရာ စီးတီးအနေနဲ့ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကြေးပေးစရာမလိုဘဲ သတင်းတွေရဲ့ဖော်ပြချက်အရ စီးတီးအနေနဲ့
မက်ဆီကို ၂နှစ်စာချုပ်၊ နောက်ထပ် ၁နှစ်သက်တမ်းတိုးနိုင်မယ့် အချက်တွေအပြင် မေဂျာလိဂ်ရှိ သူတို့ရဲ့ညီနောင်ကလပ် နယူးယောက်စီးတီးအသင်းမှာ ၂ ရာသီကြာကစားဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။
အခုကမ်းလှမ်းတဲ့ စာချုပ်ထဲမှာ မက်ဆီအနေနဲ့ စီးတီးမှာ ၈နှစ်ကြာလက်တွဲရမှာဖြစ်ပြီး City Football Group က ပိုင်ဆိုင်တဲ့ အသင်းတွေမှာ သံတမန်အဖြစ် ဆက်လက် တာဝန်ယူရဖွယ်ရှိနေပါတယ်။
မက်ဆီဟာ ဘာစီလိုနာမှာ လုပ်ခလစာ အများဆုံးရရှိသူအဖြစ် တစ်ပတ်လုပ်ခ ပေါင် ငါးသိန်းရရှိနေပေမယ့် အသင်းရဲ့ဘဏ္ဍာရေး ပြဿနာတွေကြောင့် နိုဝင်ဘာလအတွင်း အသင်းဖော်တွေနဲ့အတူ လုပ်ခလစာ လျှော့ယူဖို့ သဘောတူညီခဲ့ပါတယ်။