Spots news

ကစားသမားတွေဆီက ပွဲပန်းတယ်ဆိုတဲ့ ဆင်ခြေ မလိုချင်ပါဘူး ဆိုတဲ့ ဆိုးလ်ရှား

Unicode Version

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ကစားသမားတွေအနေနဲ့ ပွဲတွေဆက်တိုက်ကစားနေရလို့ ပွဲပန်းနေပြီဆိုတဲ့ ဆင်ခြေပေးတာမျိုး လက်မခံနိုင်ဘူးလို့ သတိပေးစကားဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အခုလောလောဆယ် FA ဖလား ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်သလို၊ ယူရိုပါလိဂ်မှာလည်း ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်ဖို့ အခြေအနေကောင်းနေပါပြီ။

ဒီရာသီမှာ ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံပွဲပေါင်း(၄၀)အထိ ကစားခဲ့ပြီးဖြစ်တဲ့အပြင် အခုနောက်ပိုင်း ရက်ပိုင်းအတွင်းမှာပဲ ပွဲတွေဆက်တိုက်ကစားနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ အဓိက ကစားသမားတွေအနေနဲ့ သူတို့နဲ့ထိုက်တန်တဲ့ လစာငွေကို ရရှိနေတာကြောင့် ပွဲတွေဆက်တိုက်ကစားရလို့ ပင်ပန်းနေပြီဆိုတဲ့အကြောင်းပြချက်မျိုးကို လက်မခံဘူးလို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်တို့အသင်းဟာ ပွဲတွေ ဆက်တိုက်ကစားနေတယ်ဆိုပေမယ့် ပွဲတိုင်းမှာ အကောင်းဆုံးကစားဖို့၊ နိုင်ပွဲရယူနိုင်ဖို့လိုပါတယ်။ အသင်းက ကစားသမားတွေဟာ ပြိုင်ဘက်တွေထက် ပိုပြေးနိုင်ရမယ်၊ ပိုပြီးလည်းနိုင်လိုစိတ်ပြင်းရမယ်၊ ပိုပြီးအကြမ်းခံနိုင်ဖို့လိုတဲ့အပြင် ပိုပြီးတော့လည်း တာဝန်ယူစိတ်ရှိရပါမယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲတိုင်းက အကြိတ်အနယ်ကစားရတာဖြစ်ပြီး အသင်းက ကစားသမားတွေကို နည်းပြတောင်းဆိုတဲ့အတိုင်း ကစားဖို့အတွက် ထိုက်တန်တဲ့လစာငွေ ပေးထားတာဖြစ်ပါတယ်။ အဲဒါကြောင့် ပွဲတိုင်းမှာ မဆုတ်မနှစ်တဲ့ ဇွဲ၊ အရည်အသွေးမျိုးပြသဖို့ ကျွန်တော် သတိပေးလိုက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။