Spots news

ဘာပေနဲ့ ဟာလန်း ကို ဘယ်သူ့ကိုမှ ပိုပြီးမကြိုက်ပါဘူးဆိုတဲ့ ဇီဒန်း

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကိုင်လီ ဘာပေနဲ့ အာလင်း ဟာလန်းတို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်ပေမဲ့ အဆိုပါ တိုက်စစ်မှူး ၂ဦးထဲ ဘယ်သူက သူ့အကြိုက်ဆုံးလဲဆိုတာ နည်းပြ ဇီဒန်းက ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဆိုပါ ကစားသမား ၂ဦးစလုံးဟာ ပြိုင်ဘက်ခံစစ်တွေကို တောက်လျောက် ဒုက္ခပေးလာခဲ့ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခဲ့ကြပါတယ်။

အဆိုပါ ကစားသမား ၂ဦးထဲ ဘယ်သူ့ကို ပိုကြိုက်လဲ ဆိုတဲ့အပေါ် ဇီဒန်းက “ကျွန်တော် ပွဲတွေအားလုံး ကြည့်ပြီး ပရိသတ်အားလုံးလိုပဲ သူတို့ ၂ယောက်ကစားတာ ကြည့်ရတာ အရမ်းကောင်းပါတယ်။ ၂ယောက်စလုံးက လူငယ်ကစားသမားတွေ ဖြစ်သလို လက်ရှိနဲ့ အနာဂတ်အတွက် ကစားသမားကောင်းတွေပါပဲ။ ဘယ်သူ့ကို ပိုကြိုက်လဲဆိုတာတော့ ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ အားလုံးက သူ့အမြင်နဲ့သူ ရှိမှာပါ”လို့ ပြောခဲ့ပါတယ်။

ဘာပေဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဘာစီလိုနာကို ဟက်ထရစ်သွင်းခဲ့ကာ ပီအက်စ်ဂျီကို နောက်တစ်ဆင့် တက်စေဖို့ သေချာသလောက် ရှိစေခဲ့ပါတယ်။ ဟာလန်းကလည်း ဆီဗီလာနဲ့ ပွဲစဉ်မှာ ၂ဂိုးသွင်းယူကာ ဘာ‌ပေရဲ့ ဟက်ထရစ်က သူ့ကို အားကျစေခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အဆိုပါ လူငယ်ကစားသမား ၂ဦးစလုံးကို ချဉ်းကပ်နေကာ ဘာနေဗျူးရဲ့ အနာဂတ် နံပါတ် ၉ ကစားသမားနေရာကို အစားထိုးဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ရီးရဲလ်တို့ ယခုနှစ်နွေရာသီမှာ ဘာပေရဲ့ ကြီးမားလှတဲ့ ပြောင်းရွှေ့ကြေးကြောင့် ငွေသုံးနိုင်ဖွယ် မရှိဘူးလို့ Daily Mailက ဖော်ပြခဲ့ပါတယ်။

ဟာလန်းအတွက်တော့ နော်ဝေအသင်းဖော် အိုဒီဂတ် ရှိနေတာကြောင့် ခေါ်ယူဖို့ အကူအညီဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိ အဆင့်၂နေရာမှာ ရပ်တည်နေတာကြောင့် ချန်ပီယံလိဂ် နှစ်တိုင်း  ကစားချင်နေတဲ့ ဟာလန်းအတွက်တော့ ပြဿနာ မဟုတ်နိုင်ပါဘူး။