Unicode Version
လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်ဟာ ၂၀၂၂ နွေရာသီကျရင် အသင်းနဲ့လမ်းခွဲပြီး သူ့ မိခင်နိုင်ငံဖြစ်တဲ့ ဂျာမနီလက်ရွေးစင်အသင်းနည်းပြအဖြစ် ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဂျာမန်နာမည်ကျော်သတင်းစာ BILD က ဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ လီဗာပူးလ်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ယာဂန်ကလော့ပ်ဟာ နည်းပြရာထူးကနေထုတ်ပယ်ခံရဖို့ နီးစပ်နေတယ်ဆိုတဲ့ သတင်းတွေ၊ ကစားသမားတွေနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပါတယ်။
BILD သတင်းစာက ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အခု ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လို နေရာမှာ ယာဂန်ကလော့ပ် အစားဝင်ဖို့က (၆၈%)အထိရှိကြောင်း၊ လာမယ့်နှစ်
နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ လမ်းခွဲပြီးရင် နည်းပြလောကကနေ (၆)လလောက်အနားယူပြီးမှ ၂၀၂၃ခုနှစ်အစပိုင်းမှာ ဂျာမနီအသင်းနည်းပြအဖြစ် ခန့်အပ်ခံရဖို့ရှိကြောင်း သုံးသပ်ခဲ့ပါတယ်။
၂၀၁၅၊ အောက်တိုဘာလတုန်းက လီဗာပူးလ်အသင်းနည်းပြအဖြစ် စတင်ခန့်အပ်ခံခဲ့ရတဲ့ ယာဂန်ကလော့ပ်ဟာ (၆)နှစ်နီးပါးကာလအတွင်း လီဗာပူးလ်အသင်းအတွက် ကြီးမားတဲ့
အောင်မြင်မှုတွေ ရယူခဲ့ပြီး ၂၀၁၉ ခုနှစ်တုန်းက (၁၄)နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလား၊ ပြီးခဲ့တဲ့ရာသီမှာ နှစ်ပေါင်း(၃၀)ကြာ ဝေးကွာခဲ့ရတဲ့ အမှတ်ပေးဖလားတွေကို ရယူပေးခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒီရာသီမှာ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)ကစားပြီးချိန်မှာ ထိပ်ဆုံးက မန်စီးတီးနဲ့ (၁၉)မှတ်အထိကွာဟနေပြီဖြစ်သလို အဆင့်(၆)နေရာရောက်နေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးရမယ့်
အနေအထားတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်နည်းပြအနာဂတ်က မသေချာတော့ဘူးလို့ သတင်းတွေထွက်နေတဲ့အတွက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။