Spots news

ကမ္ဘာ့ဖလား ၁၆သင်းအဆင့်ရဲ့ အကောင်းဆုံးအသင်း

ကမ္ဘာ့ဖလား ၁၆သင်းအဆင့်ရဲ့ အကောင်းဆုံးအသင်း

မနက်ဖြန်ဆိုရင် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲတွေ ကျင်းပတော့မှာဖြစ်ပြီး လက်ရှိချန်ပီယံ ပြင်သစ်၊ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဘရာဇီးတို့နဲ့အတူ အသင်းကြိးအများစု တက်ရောက်နိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်ပွဲတွေမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ၁၆သင်းအဆင့်ပွဲစဉ်တုန်းက အကောင်းဆုံးခြေစွမ်းပြခဲ့သူတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ဂိုး – ဘိုနို (မော်ရိုကို)
မော်ရိုကိုဂိုးသမား ဘိုနိုဟာ စပိန်နဲ့ကစားခဲ့တဲ့ပွဲမှာ မိနစ် ၁၂၀လုံးလုံး ပေးဂိုးမရှိကစားနိုင်ခဲ့သလို ပင်နယ်တီအဆုံးအဖြတ်ခံယူတော့လည်း စပိန်အသင်းရဲ့ပင်နယ်တီ ၃လုံးအနက် ၂လုံးအထိ ကာကွယ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့လက်စွမ်းပြကာကွယ်မှုတွေကြောင့်ပဲ မော်ရိုကိုရဲ့ကမ္ဘာ့ဖလားအိပ်မက်ခရီးက ဆက်လက်ရှင်သန်နေတာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။

ညာနောက်ခံလူ – ဒမ်ဖရီးစ် (နယ်သာလန်)
ယခုပြိုင်ပွဲမှာ အသင်းအတွက် အချိန်တိုင်းပါဝင်ကစားခွင့်ရထားတဲ့ ဒမ်ဖရီးစ်ဟာ အမေရိကန်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၁၆သင်းအဆင့်ပွဲမှာ အမှတ်ရဖွယ်ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းရဲ့သွင်းဂိုး ၃ဂိုးစလုံးမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပါတယ်။ သူဟာ ၂ဂိုးဖန်တီးပြီး ၁ဂိုးသွင်းယူခဲ့တာပါ။

ဗဟိုနောက်ခံလူ – ပီပီ (ပေါ်တူဂီ)
၁၆သင်းအဆင့်ပွဲတွေအနက် ဂိုးအပြတ်ဆုံးပွဲမှာ အသက် ၃၉ နှစ်အရွယ်ရှိ ပီပီက ပေါ်တူဂီအသင်းခေါင်းဆောင်အဖြစ် ပါဝင်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူဟာ ပေါ်တူဂီအတွက် အဲဒီပွဲမှာ ၁ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အဓိကအားသာချက်ကတော့ ဆွစ်ဇာလန်တိုက်စစ်ကို အကောင်းဆုံးတားဆီးနိုင်ခဲ့တာပါပဲ။

ဗဟိုနောက်ခံလူ – အဂူရက် (မော်ရိုကို)
နွေရာသီမှာ ပေါင်သန်း ၃၀ နဲ့ ဝက်စ်ဟမ်းကို ရောက်လာခဲ့တဲ့ အဂူရက်ဟာ မော်ရိုကိုအသင်းနဲ့အတူ လက်ရွေးစင်စင်မြင့်မှာလည်း ခြေစွမ်းပြနေပြီး စပိန်နဲ့ပွဲမှာ ကမ္ဘာ့ချန်ပီယံဟောင်းရဲ့တိုက်စစ်ကို မိနစ် ၁၂၀ လုံးလုံး ကြံ့ကြံ့ခံကာကွယ်နိုင်ခဲ့ပါတယ်။

ဘယ်နောက်ခံလူ – ရာဖေးလ်ဂွါရဲရိုး (ပေါ်တူဂီ)
ပေါ်တူဂီအသင်းနည်းပြ ဆန်းတို့စ်ဟာ ကန်ဆယ်လိုကို အနားပေးခဲ့ပြီး သူ့နေရာမှာ ဂွါရဲရိုးကို အစားထိုးပွဲထုတ်ခဲ့ပါတယ်။ ဂွါရဲရိုးကလည်း ဆွစ်ဇာလန်ကို ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ၁ဂိုးသွင်း၊ ၁ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဗဟိုကွင်းလယ်လူ – ဘယ်လင်ဂမ် (အင်္ဂလန်)
ဆယ်ကျော်သက်ကြယ်ပွင့်လေး ဘယ်လင်ဂမ်ဟာ ဆီနီဂေါကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ၁၆သင်းအဆင့်ပွဲမှာလည်း ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပြီး ဇွန်လမှ အသက် ၂၀ ပြည့်မှာကိုသာသိရင် သူ့ရဲ့ခြေစွမ်းကို ပိုမိုချီးကျူးကြမှာဖြစ်ပါတယ်။

ဗဟိုကွင်းလယ်လူ – အမ်ရာဘတ် (မော်ရိုကို)
မော်ရိုကိုကွင်းလယ်ရဲ့ဒိုင်းကာကြီးတစ်ခုဖြစ်ပြီး စပိန်ကွင်းလယ်ရဲ့လွှမ်းမိုးမှုက ဘာအကျိုးမှမဖြစ်ဘူးဆိုတာ သက်သေပြသွားသူပါ။

ဗဟိုကွင်းလယ်လူ – ပါကွီတာ (ဘရာဇီး)
ပါကွီတာဟာ တောင်ကိုရီးယားကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၁၆သင်းအဆင့်ပွဲမှာ ကိုယ်တိုင် တစ်ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းရဲ့တိုက်စစ်ကိုလည်း ပိုမိုထိရောက်စေခဲ့ပါတယ်။

ညာတောင်ပံ – မက်ဆီ (အာဂျင်တီးနား)
အာဂျင်တီးနားဟာ သြစတြေးလျနဲ့ပွဲမှာ မက်ဆီသာ မပါနိုင်ခဲ့ရင် ရုန်းကန်ခဲ့ရဖို့ များသွားမှာဖြစ်ပြီး သြဇီနဲ့ပွဲမှာ ကစားသမားဘဝပွဲ ၁၀၀၀ ပြည့်ခဲ့တဲ့ မက်ဆီက ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အထောင်တိုက်စစ် – ဂွန်ကာလိုရာမို့စ် (ပေါ်တူဂီ)
အသက် ၂၁ နှစ်ပဲရှိသေးချိန်၊ ကိုယ့်ရဲ့ပထမဆုံးလက်ရွေးစင်ကစားသမားဘ၀ ပွဲဦးထွက်ခွင့်ရခဲ့တာက ကမ္ဘာ့ဖလား ၁၆သင်းအဆင့်ပွဲဖြစ်ခဲ့တာဟာ ဂွန်ကာလိုရာမို့စ်အတွက်တော့ တကယ့်ကိုမေ့မရနိုင်တဲ့အမှတ်တရပါပဲ။ ပြီးတော့ သူဟာ ဆွစ်ဇာလန်နဲ့ပွဲမှာ ဟက်ထရစ်ပါသွင်းယူနိုင်ခဲ့ပြီး ရော်နယ်ဒိုအစား သူ့ကို ပွဲထွက်မှာသုံးခဲ့တဲ့ နည်းပြကြီးရဲ့ဆုံးဖြတ်ချက် မှန်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။

ဘယ်တောင်ပံ – အမ်ဘာပေ (ပြင်သစ်)
အမ်ဘာပေဟာ ပိုလန်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့သလို ၁ဂိုးပါ ဖန်တီးပေးနိုင်ခဲ့ပြီး လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။