Spots news

ကာဗာနီသာထွက်ခွာသွားရင် အန်ဒရီဆေးလ်ဗားကို ခေါ်ချင်တဲ့ မန်ယူနိုက်တက်

Unicode Version

ယူနိုက်တက်အသင်းကတော့ ကာဗာနီထွက်ခွာဖြစ်ရင် ဖရန့်ဖတ်တိုက်စစ်မှူး အန်ဒရီဆေးလ်ဗားကို ခေါ်ယူဖွယ်ရှိနေပါတယ်။ ဆေးလ်ဗားဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနေပြီး ၂၀ ပွဲမှာ ၁၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာလည်း လီဝန်ဒေါစကီးရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

အဆိုပါစွမ်းဆောင်ရည်တွေကြောင့် ဆေးလ်ဗားကို ကလပ်အသင်းတော်တော်များများက စိတ်ဝင်စားနေပြီး ယူနိုက်တက်ကလည်း ခေါ်ယူချင်နေပါတယ်။ ဒါပေမဲ့ အဆိုပါအပြောင်းအရွှေ့က ကာဗာနီရဲ့အပြောင်းအရွှေ့အပေါ်မှာ အများကြီး မူတည်နေပါတယ်။

ကာဗာနီဟာ နွေရာသီတုန်းက ပီအက်စ်ဂျီကနေ အလွတ်နဲ့ပြောင်းလာခဲ့တာဖြစ်ပြီး ယူနိုက်တက် အတွက် ၂၄ ပွဲမှာ ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၃၄ နှစ်သားဟာ ယူနိုက်တက်အတွက် ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေပြီး နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ကာဗာနီကို ထွက်ခွာခွင့်ပြုမယ်ဆိုရင်တော့ ပေါင် ၉ သန်းလောက် သက်သာသွားမှာဖြစ်ပြီး ဆေးလ်ဗားကိုခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ ဆေးလ်ဗားဟာ ၂၀၁၉ တုန်းက ဖရန့်ဖတ်ကနေ အေစီမီလန်ကို အငှားနဲ့လာကစားဖူးတာဖြစ်ပါတယ်။ ဆေးလ်ဗားကိုတော့ ပေါင်သန်း ၃၀ လောက်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။