Spots news

ဖခင်ဖြစ်သူ ရုတ်တရက်ဆုံးပါးသွားတဲ့ လီဗာပူးဂိုးသမား အဲလစ်ဆန်

Unicode Version

လီဗာပူးအသင်းရဲ့ အဓိကဂိုးသမား အဲလစ်ဆန်ရဲ့ဖခင်ဖြစ်သူဟာ ဘရာဇီးနိုင်ငံတောင်ပိုင်းရှိအနားယူအပန်းဖြရာ အိမ်အနီးရှိ ဆည်တစ်ခုအတွင်း ရေဆင်းကူးချိန်မှာ ရေနစ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အားလပ်ရက်မှာ အိမ်အနီးရှိ ရန်ကာနို ဒီအင်ဖာနိုမှာ ရေကူးဖို့သွားရာကနေ ဒေသစံတော်ချိန် ၅နာရီမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဲလစ်ဆန်ရဲ့ဖခင်ဖြစ်သူ

ဂျိုစ့်ဘက်ကာဟာ သေဆုံးချိန်မှာ အသက် ၅၇နှစ်အရွယ် ရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ ရေနစ်သေဆုံး သွားခဲ့တာဖြစ်တယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိအချိန်မှာ ဘက်ကာရဲ့ရုပ်အလောင်းကိုပြန်ရှာဖွေတွေ့ရှိခဲ့ပြီး စစ်ဆေးနေပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဂိုးသမားအဲလစ်ဆန်ရဲ့ဖခင်ဖြစ်သူဟာ သွေးရိုးသားရိုး ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး အခြားသူရဲ့ ပယောဂကြောင့် သေဆုံးတာမဟုတ်ကြောင်း ပြောဆိုပါတယ်။

အဆိုပါဝမ်းနည်းစရာ သတင်း အတည်ပြုခဲ့ပြီးနောက် အဲလစ်ဆန်နှင့် ၎င်းရဲ့အစ်ကို မူရီရယ်တို ကစားခဲ့တဲ့ ဘရာဇီးကလပ် အင်တာနေစီယွန်နယ်က ဝမ်းနည်းကြောင်း စာသား ထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်တော်တို့ဂိုးသမားဟောင်း အဲလစ်ဆန်ရဲ့ဖခင်ဖြစ်သူ သေဆုံးသွားကြောင်း သိရလို့အလွန်ပဲစိတ်မကောင်း ဖြစ်ရပါတယ်” “ဒီလိုခက်ခဲတဲ့ကာလမှာ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့

သူငယ်ချင်း၊ မိတ်ဆွေဖြစ်သူတွေ အတွက် စိတ်ခွန်အား ပေးပါတယ်”ဆိုတဲ့ စာသားတွေ ပါရှိပါတယ်။

အသက် ၂၈ နှစ်အရွယ် အဲလစ်ဆန်ဟာ ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ်အထိ အင်တာနေစီယွန်နယ်မှာ ကစားခဲ့ပြီး ရိုးမားအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာ အဲလစ်ဆန်ဟာ လီဗာပူးအသင်းထံ ပေါင် ၆၆.၈သန်းဖြင့် ရောက်ရှိခဲ့ပါတယ်။

အဲလစ်ဆန်ဟာ ဖခင်ဖြစ်သူဂိုးသမားဟောင်းကြီးကြောင့် ဂိုးသမားတစ်ဦးဖြစ်လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုတော့ အဲလစ်ဆန်ဟာ ၀မ်းနည်းပူဆွေးမှုတွေနဲ့ အတူ လီဗာပူးအသင်းရဲ့ ပွဲစဉ်တစ်ချို့ကို လွဲချော်သွားဖွယ် ရှိနေပါတယ်။