Unicode Version
ပြိုင်ပွဲစုံ ပွဲပေါင်း (၁၉) ပွဲဆက်တိုက်ကို အနိုင်ရထားခဲ့တဲ့အပြင် အင်္ဂလန် ကလပ်အသင်း တွေထဲမှာ ဘယ်အသင်းမှ မပိုင်ဆိုင် ဖူးသေးတဲ့ ပြိုင်ပွဲစုံ အဝေးကွင်း (၁၂) ပွဲဆက်တိုက် အနိုင်ရယူထားတဲ့ မန်စီးတီး အသင်းဟာ သူတို့အသင်း မဆွတ်ခူးဖူးသေးတဲ့
ချန်ပီယံလိဂ် ဖလားကိုပါ ရယူသွားနိုင်ဖို့ အခြေအနေ ရှိတယ်လို့ သတ်မှတ် ပြောဆိုနေကြပေမယ့် ဘိုင်ယန်မြူးနစ် အသင်းကသာ သူတို့ထက် ပိုရေပန်းစားတဲ့ အသင်း ဖြစ်တယ်လို့ မန်စီးတီး နည်းပြ ပတ်ဂွာဒီယိုလာက ပြောဆို သွားခဲ့ပါတယ်။
မန်စီးတီး အသင်းဟာ ယမန်နေ့ညက ကျင်းပသွားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ် အတွင်းမှာ မိုချန်ဂလာဘတ်အသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ ခဲ့တာကြောင့် နောက်တစ်ဆင့် ကို တတ်လှမ်းနိုင်ဖို့က အခြေအနေ ကောင်းသွားခဲ့ရ သလို
လက်ရှိ အသင်းဘက်က ပြသနေတဲ့ ပုံစံကောင်းတွေကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အထိ ရေပန်းစား လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာ ကတော့ ဘိုင်ယန်မြူးနစ် အသင်းကသာ ပိုပြီး ရေပန်းစားတဲ့ အသင်းဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ဂွာဒီယိုလာက “ယေဘုယျအားဖြင့် ကျွန်တော်တို့က ဒီပွဲမှာ ပွဲကို ထိန်းချုပ် ကစားသွား နိုင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ အသင်းက တိုက်စစ်ပိုင်းမှာ သိပ်ပြီး အားကောင်း မောင်းသန် ဖြစ်မနေခဲ့ရဘူး။ ဒီလို ပြိုင်ပွဲမျိုးမှ ာဆိုရင် ကျွန်တော်တို့ဘက်က အစစအရာရာကို တိုးတတ်ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။
ဒီလို ပြိုင်ပွဲမျိုးမှာ အောင်မြင်မှု ရဖို့ဆိုရင် အသင်းက ပြည့်စုံနေဖို့ လိုပါလိမ့်မယ်။ ဒီလိုအချိန်မှာ ဘိုင်ယန်မြူးနစ် အသင်းကို ကြည့်မိလိုက်တယ် ဆိုရင် ကျွန်တော်တို့ အသင်းကို ဗိုလ်စွဲဖို့ ရေပန်းစား နေတဲ့ အသင်းလို့ကို ကျွန်တော် မထင်မိ တော့ဘူး။
လက်ရှိ ကျွန်တော်ရဲ့ပစ်မှတ် ကတော့ နောက်(၃) ရက်အကြာမှာ ကစားသွားရမယ့် ဝက်စ်ဟမ်းနဲ့ပွဲစဉ် ကိုပါပဲ။ ဒါပေမယ့် လူတွေဘက် ကနေ ကျွန်တော်တို့ အသင်းလည်း ရေပန်းစား နေတယ်လို့ ပြောလာခဲ့မယ် ဆိုရင် ကျွန်တော်တို့ဘက်ကတော့ ဒါကို လက်ခံရုံပါပဲ” လို့ ရှင်းလင်းပြောဆို သွားခဲ့ပါတယ်။
မန်စီးတီးလိုပဲ ဘိုင်ယန်မြူးနစ် ဟာလည်း ချန်ပီယံလိဂ်မှာ ထပ်မံ ဗိုလ်စွဲဖို့ အတော်လေးကို ရေပန်းစားလျက် ရှိနေပြီး လာဇီယို အသင်းနဲ့ ယှဉ်ပြိုင် ခဲ့ရတဲ့ (၁၆) သင်းအဆင့် ရှုံးထွက် ပွဲစဉ် မှာလည်း (၁)ဂိုး(၄)ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူ ထားခဲ့ကာ နောက်တစ်ဆင့်ကို တတ်လှမ်းဖို့ အခြေအနေ ကောင်းမွန်လို့ နေပါတယ်။