Unicode Version
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးအက်ဒီဆင်ကာဗာနီက မနေ့ညက ချဲလ်ဆီးအသင်းကို သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းအတွက် မကြာခင် ပြန်ကစား ပေးနိုင်တော့မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီမှာ အသင်းကြီး ၆ သင်းနဲ့ ပြည်တွင်းလိဂ်မှာ တွေ့ဆုံခဲ့ရာမှာ ရလဒ်တွေ မကောင်းခဲ့ပဲ ၇ ပွဲမှာ ၅ ပွဲ ဂိုးမရှိ သရေနဲ့ ၂ ပွဲရှုံးနိမ့်ခဲ့ပါတယ်။
ကာဗာနီဟာ ဒဏ်ရာ ပြဿနာ တွေကြောင့် ချဲလ်ဆီးနဲ့ ပွဲစဉ် အပါအဝင် ယူနိုက်တက်ရဲ့ ပွဲစဉ်တစ်ချို့ကို လွဲချော်ခဲ့ပါတယ်။ အခုတော့ သတင်းကောင်း တစ်ခုကို ပရိသတ်တွေဆီ အသိပေး သွားခဲ့ပါတယ်။
ဥရုဂွေးသား ကြီးဟာ ခြေသလုံးဒဏ်ရာ ကြောင့် ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံးပွဲစဉ် ၄ ပွဲကို လွဲချော်ခဲ့ ပေမယ့် မကြာခင် ပြန်ကစားနိုင်တော့မှာဖြစ်ကြောင်း သူ့ရဲ့အင်စတာဂရမ် အကောင့်မှာ အသိပေးခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ ပွဲစဉ်မှာလည်း နည်းပြအိုလီဂန်နာဆိုးလ်ရှားရဲ့အသင်းဟာ အသင်းကြီး ၆ သင်းနဲ့ တွေ့ဆုံခဲ့တဲ့ ရလဒ်အတိုင်းပဲ သရေရလဒ်ပဲ ရခဲ့ပြန်ပါတယ်။
အိုဒွိုင်းရဲ့ လက်ထိဘော ကနေရမယ့် ပင်နယ်တီကိုလွဲချော်ခဲ့သလို တိုက်စစ် ကစားသမား တွေကလည်း ရသမျှ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြပါဘူး။
အပိုင် အခွင့်အရေး လေးကြိမ် လောက်ကိုလည်း ချဲလ်ဆီး ဂိုးသမားမန်ဒီ ကာကွယ်နိုင်ခဲ့ ပေမယ့် ကန်ချက်အားလုံးက ဆီနီဂေါသားဆီ တည့်တည့် ဝင်လာတဲ့ အလုံးတွေချည့်ပါပဲ။
ယူနိုက်တက်ရဲ့ နောက်လာမယ့် ပွဲစဉ်ကတော့ ဗုဒ္ဓဟူးညမှာ ခရစ္စတယ်ပဲလေ့စ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ယူနိုက်တက် အနေနဲ့ သူတို့နဲ့နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် ၇ မှတ် ရယူထားတဲ့ ပဲလေ့စ်ကို မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။ မနေ့ညက ပွဲစဉ်မှာလည်း နည်းပြ ဆိုးလ်ရှားက
ကာဗာနီ ထရိန်နင် မဆင်းနိုင်တာကြောင့် မပါဝင်နိုင်ပါဘူးလို့ အတည်ပြု ခဲ့ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ ပဲလေ့စ်နဲ့ ပွဲစဉ် မှာတော့ ကာဗာနီ ပါဝင် လာဖွယ် ရှိပါတယ်။