Unicode Version
သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ နောက်ခံလူ ဘိုင်လီကို စာချုပ်သစ် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးနေပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် ဘိုင်လီဟာ ယခုရာသီမှာလည်း ဒဏ်ရာပြဿနာတွေကြောင့် ပွဲအနည်းငယ်သာကစားခွင့်ရထားပြီး ပြိုင်ပွဲစုံ ၁၃ပွဲအနက် ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၇ပွဲသာကစားခွင့်ရထားပါတယ်။
ဘိုင်လီဟာ ဒီဇင်ဘာ ၂၆ ကနေ ဇန်နဝါရီ ၁၂အထိ လိဂ် ၄ပွဲဆက် ကစားခွင့်ရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ်မှာ ၁ပွဲပဲ ကစားခွင့်ရတော့ပြီး နည်းပြဆိုးလ်ရှားက အသင်းခေါင်းဆောင် မက်ဂွါရီနဲ့အတူ ဗဟိုခံစစ်မှာ လင်ဒီလော့ဖ်ကို ဦးစားပေးသုံးစွဲနေပါတယ်။
ယူနိုက်တက်ဟာ လာမယ့်နွေရာသီအတွင်း ဗဟိုနောက်ခံလူတစ်ဦးခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် The Sun သတင်းစာရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဘိုင်လီကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဘိုင်လီရဲ့စာချုပ်သက်တမ်းက ၂၀၂၂ နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အက်စ်ပန်ညိုနဲ့ ဗီလာရီးရဲလ်နောက်ခံလူဟောင်း အနေနဲ့ လာမယ့်နွေရာသီမတိုင်ခင် စာချုပ်သစ် ချုပ်ဆိုရေး အဆင်မပြေဖြစ်ခဲ့ရင် သူ့ကို နွေရာသီမှာ ထုတ်ရောင်းဖွယ် ရှိနေပါတယ်။ သူဟာ ကြာသပတေးညက ဆိုစီဒက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ဒု-အကျာ့ပွဲမှာ မိနစ် ၉၀ ပြည့်ပါဝင်ကစားခဲ့ပါတယ်။