Spots news

ဂလာဘတ်နဲ့ ပွဲကို အိမ်ကွင်း အီတီဟတ်မှာပဲ ကစားခွင့်ရခဲ့တဲ့ မန်စီးတီး

Unicode Version

မန်စီးတီးအသင်းဟာ ဂလာဘတ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲကို အီတီဟတ်မှာပဲ ကျင်းပခွင့်ရသွားလို့ ခရီးသွားလာမှုပြဿနာကို ရှောင်လွှဲနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတွေမှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းတွေကြောင့် ဂလာဘတ်ရဲ့အိမ်ကွင်းပွဲကို ဂျာမနီမှာမကစားဘဲ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မှာ ကျင်းပခဲ့ပြီး မန်စီးတီးက ဝ-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ အသင်းနှစ်သင်းနဲ့ ယူအီးအက်ဖ်အေတို့ဟာ ဂလာဘတ်ရဲ့ဒေသတွင်းအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပြီးနောက် ဒု-အကျော့ပွဲကို မန်ချက်စတာမှာပဲ ကျင်းပမယ်လို့ အတည်ပြုခဲ့ပြီး ပြိုင်ပွဲ ၄ရပ်မှာ ချန်ပီယံဖြစ်ဖို့ မျှော်လင့်နေတဲ့ စီးတီးအတွက် သတင်းကောင်းတစ်ရပ်ဖြစ်လာပါတယ်။

စီးတီးဟာ ဂလာဘတ်နဲ့ချန်ပီယံလိဂ်ပွဲအပြီး ၄ရက်အကြာမှာ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အဲဗာတန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ကြားကွင်းမှာကစားရတော့မှာမဟုတ်လို့ အသင်းသားတွေလည်း ခရီးပန်းတဲ့ဒဏ် ခံစားရတော့မှာမဟုတ်ပါဘူး။

မန်စီးတီးဟာ ယခုလနှောင်းပိုင်းမှာ ကျင်းပမယ့် လက်ရွေးစင်ပွဲတွေမတိုင်ခင် ကြားထဲမှာ ၅ပွဲကစားရမှာဖြစ်ပြီး နည်းပြဂွါဒီယိုလာကလည်း ကစားသမားတွေ လန်းဆန်းနေစေဖို့အတွက် နောက်ဆုံး ၅ပွဲမှာ အပြောင်းအလဲတွေ ၂၆ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။

အာဂျင်တီးနားမှာ ထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာ ဥရုဂွေး၊ ဘရာဇီးတို့နဲ့ကစားရမယ့် အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေတယ်လို့ သိရပါတယ်။