Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ခရစ္စတယ် ပဲလေ့အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ( ၀ – ၀ ) ရလာဒ် ပိုင်ဆိုင်ခဲ့ပြီး လူးဝစ် ဗန်ဟားလက်ထက် နောက်ပိုင်း ပထမဆုံးအကြိမ်
( ၃ ) ပွဲဆက် ဂိုးမရှိသရေရလာဒ် ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ် ( ၆၉ ) မိနစ်မှာ မက်ဂွဲယားက မားကတ် ရက်ဖို့ဒ်ဆီ ဘောလုံးပေးပို့ဖို့ ကြိုးစားချိန် တိုက်စစ်မှူးက လူကျွံနေခဲ့ပါတယ်။
ဒါကြောင့် မက်ဂွဲယားက “ အထဲမှာနေ” လို့ ပြောဆိုခဲ့ရာမှာ ရက်ဖို့ဒ်က “ သောက် ပါးစပ်ပိတ်ထား” လို့ပြန်လည် တုံ့ပြန်ခဲ့တယ်လို့ Sky Sports ရဲ့ ကင်မရာ တွေကနေ တွေ့မြင်ခဲ့ရပါတယ်။
မားကတ်ရက်ဖို့ဒ်ဟာ ပထမပိုင်းမှာ ဦးဆောင်ဂိုးရရှိဖို့ အကောင်းဆုံး အခွင့်အရေး ပိုင်ဆိုင်ခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယခုပွဲစဉ် သရေရလာဒ် ကြောင့် ဒုတိယနေရာမှာ ဆက်လက် ရပ်တည်နေပေမယ့် အဆင့် ( ၁ ) နေရာက မန်စီးတီးအသင်းနဲ့ ( ၁၄ ) မှတ် ကွာဟသွားခဲ့ပါတယ်။
ဆိုးရှားက အဆိုပါ ပွဲစဉ်အပြီး ဘီဘီစီ ၊ အားကစားဌာနနဲ့ တွေ့ဆုံရာမှာ အသင်းရဲ့ ခြေစွမ်းအပေါ် စိတ်ပျက်မိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
“ ဒီနေ့ပွဲစဉ်က ကောင်းမွန်ခြင်း မရှိခဲ့တာ ခင်ဗျားတို့လည်း သိပါတယ်။ အမှတ်ပေး ဇယားထိပ်ကို ရောက်ချင်ရင် နိုင်ပွဲတွေရရှိဖို့ လိုအပ်ပါတယ်။
ရရှိအောင်လည်း ဖန်တီးဖို့ လိုအပ်ပါတယ်။ tackles တွေ အောင်မြင်ဖို့ လိုအပ်သလို ဘောလုံးပေးပို့မှု တွေလည်း ပိုကောင်းမွန်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့က အမှားတွေ တောက်လျှောက်ပြုလုပ်နေခဲ့ပါတယ်။” “ အသင်းမှာ ကစားအားပျောက်ဆုံးနေပြီး ခဏတာပဲ တွေ့ရပါတယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံးည တစ်ည မဟုတ်တာ သေချာပါတယ်။”