Unicode Version
အာတီတာဟာ အသင်းဟောင်း ဘာစီလိုနာသို့ပြန်မယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းပယ်ထားတာဖြစ်သလို အာဆင်နယ်နှင့် စာချုပ်အသစ် ချုပ်ဆိုဖို့ကလည်း အလျင်စလိုမဟုတ်သေးပါဘူးလို့ ပြောဆိုထားပါတယ်။
နူးကမ့်ရဲ့ ထိပ်တန်းရာထူးတစ်ခုနှင့် ချိတ်ဆက်မှုရှိနေတယ်လို့ မီဒီယာတွေက ဖော်ပြနေတာ ဖြစ်ပြီး ဥက္ကဌအသစ် ဖြစ်လာနိုင်တဲ့ လာပေါ်တာကလည်း သူ့ကိုအသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်လိုနေတာဖြစ်ပါ တယ်။
ဘာစီလိုနာရဲ့ အကယ်ဒီထွက် ဖြစ်သော်လည်း အသင်းကြီးတွင် ပွဲထွက်ခွင့် မရရှိခဲ့တဲ့ အာတီတာက အာဆင်နယ် အသင်း အတွက်ပဲ အာရုံစိုက် ထားပါတယ်လို့ ပြောဆိုထားပါတယ်။
“ဘာစီလိုနာ ဥက္ကဌရွေးချယ်ပွဲ ကလည်းရှိနေပြီး ကောလာဟလ တွေကလည်း မျိုးစုံထွက်နေတာပါ။ ဘာစီလိုနာဆို တာက အသင်းကြီး တစ်သင်းပါ၊ အဲ့ဒီမှာ ကစားသမားတစ်ဦး အဖြစ် ကြီးပြင်းခဲ့တာဖြစ်ပြီး
ဆက်သွယ်မှုတွေ ရှိနေသော်လည်း လက်ရှိအလုပ်ကိုသာ အာရုံစိုက်ထားကာ ဒီမှာလည်းလုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ပြီး အာဆင်နယ်မှာလည်း ကျွန်တော်ပျော်ရွင်ပါတယ်”
“ဒီနေ့ရော မနက်ဖြန်မှာပါ ကျွန်တော်က အာဆင်နယ်အသင်းရဲ့ နည်းပြပါ၊ ဒါကို ကျွန်တော်ကအရမ်းကို ပျော်ရွင်နေပြီး ကျွန်တော် လုပ်ဆောင်ခဲ့တာထက်ကိုပိုပြီး ကောင်းအောင် လုပ်ဆောင်ချင်ပါသေးတယ်”လို့ ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ အာတီတာက ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလားကို ရယူပေးထားနိုင်တဲ့ အာဆင်နယ် ကွင်းလယ် ကစားသမားဟောင်းဟာ ၂၀၁၉ ခုနှစ်တွင် အမ်မရီရဲ့ နေရာကို အစားဝင်ခဲ့ပြီး အသင်းနှင့် ၂၀၂၃ခုနှစ်အထိ စာချုပ် ချုပ်ဆို ထားတာဖြစ်ပါတယ်။
ဒီလိုအချိန်မှာ စာချုပ်သက်တမ်း တိုးဖို့ဆိုတာက အရေးမကြီး သေးပါဘူးလို့ အာတီတာက ပြောဆိုထားပြီး သူ့ရဲ့ အသင်းကတော့ ဥရောပဝင်ခွင့်ရရှိဖို့အတွက် ကြိုးစားကစားနေတာဖြစ်ပါတယ်။
“ကျွန်တော်တို့က ရာသီဝက်သို့ရောက်ရှိလာပါပြီ၊ ဒီအချိန်မှာ ကျွန်တော်တို့က ပွဲတွေအများကြီးကို ကစားရမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့က ဦးစားပေးကိစ္စမဟုတ်ပါဘူး။
အသင်းနှင့်လည်း စာချုပ်သက်တမ်း ကျန်ရှိနေသေးတာ ဖြစ်တဲ့အတွက် အဲ့ဒါက အဆင်ပြေပါတယ်။ ကျွန်တော်ဒီမှာပျော်ရွင်နေပြီး တစ်စုံတစ်ခုကို အလျင်စလို မဆုံးဖြတ် ချင်သေးပါဘူး”လို့ အာတီတာကပြောပါတယ်။