Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ ဆိုးလ်ရှားက ကိုဗစ်ရောဂါဆိုးကြောင့် အသင်းရဲ့ဘဏ္ဍာရေး အခြေအနေပေါ် ထိခိုက်မှုရှိလာတဲ့အတွက်
ကစားသမား ခေါ်ယူမှုအပိုင်းမှာ ငွေကြေးအကန့်အသတ်နဲ့သာ သုံးစွဲရဖို့ရှိလို့ လက်တွေ့ကျတဲ့ အပြောင်းအရွှေ့တွေကိုပဲ ဆောင်ရွက်သွားမယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်း ဗြိတိန်မီဒီယာတွေက ယူနိုက်တက် အသင်းဟာ ဒေ့ါမွန်တိုက်စစ်မှူး ဟာလန်းနဲ့ တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုတို့ကို မြင့်မားတဲ့
ပြောင်းရွှေ့ကြေး တွေနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဆိုးလ်ရှားက အခုလို ဝန်ခံပြောဆို ခဲ့တာလည်းဖြစ်ပါတယ်။
ဆိုးလ်ရှားက “ကိုဗစ် ရောဂါဆိုးကြောင့် ဘောလုံးလောက မှာရှိတဲ့ အသင်းတိုင်း ကြီးမားတဲ့ အကျိုး သက်ရောက်မှုတွေ ခံစားနေရတာပါ။ အသင်းတိုင်းက ဝင်ငွေတွေ လျော့ကျသွားတာ၊ ဘဏ္ဍာရေး အခြေအနေ ထိခိုက်မှု ရှိလာတာစတဲ့
ပြဿနာတွေကို ရင်ဆိုင် နေရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့လည်း ကွင်းတွင်း၊ ကွင်းပြင် ကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ လက်တွေ့ကျကျ၊ တာဝန်ယူမှု ရှိရှိနဲ့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။
ငွေကြေးတွေကို ဘယ်နေရာမှာ သုံးစွဲမလဲ၊ ဘယ်လောက် အထိ သုံးစွဲမလဲ စတာတွေကို လက်တွေ့ ကျကျ စဉ်းစားဖို့ လိုနေပါပြီ။
အခုအချိန်က အရင်တုန်းကလို ငွေကြေးအများကြီး သုံးလို့ရတဲ့ အခြေအနေ မဟုတ်တော့ဘဲ အနေအထား ပြောင်းလဲသွားပြီ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
တိုက်စစ်မှူးတစ်ဦး ခေါ်ဖို့ ရှိ၊ မရှိနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက”ကျွန်တော်တို့ကတော့ အသင်းရဲ့လူစာရင်းကို ပိုပြီးကောင်းလာဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အသင်းက တိုက်စစ်ကစားသမားတွေ
အခုထက် ဂိုးပိုသွင်းနိုင်ရင် ကျွန်တော်တို့ဟာ အကောင်းဆုံး အနေအထားကို ရောက်လာမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ခြေစွမ်းပိုကောင်းတဲ့ ကစားသမားတွေကို အမြဲတမ်း ရှာဖွေနေတာဖြစ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။