Spots news

ဂျူဗင်တပ်စ်ရောက်ပြီးမှ ဖရီးကစ် ဂိုးသွင်းနှုန်းတွေ ကျဆင်းလာခဲ့တဲ့ ရော်နယ်ဒို

Unicode Version

ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ အသင်းတိုက်စစ်အတွက် မရှိမဖြစ်ကစားသမားဖြစ်နေပေမယ့် သူ့ရဲ့ ဖရီးကစ်စွမ်းဆောင်ရည်ကတော့ စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးရွားနေပါတယ်။ စီရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်တုန်းက ရီးယဲလ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ပေါင်(၉၉)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ် ။

လက်ရှိအချိန်အထိ ဂျူဗင်တပ်စ်အသင်းအတွက် (၁၁၈)ပွဲကစား၊ (၉၁)ဂိုးသွင်းယူထားပြီး တစ်ပွဲပျမ်းမျှ(ဝ.၇၇)ဂိုးနှုန်းသွင်းခဲ့သလို စီးရီးအေချန်ပီယံဆုကို (၂)ရာသီဆက်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဖရီးကစ်သွင်းဂိုးအရေအတွက်က မထင်မှတ်လောက်အောင်ပဲ နည်းပါးနေပြီး တစ်ချိန်တုန်းက ဖရီးကစ်တွေကနေ လှလှပပဂိုးသွင်းယူပြခဲ့တဲ့ စီရော်နယ်လ်ဒို မဟုတ်တော့တာအသေအချာပါပဲ။

ဂျူဗင်တပ်စ်ကစားသမားဘဝတစ်လျှောက် စီရော်နယ်လ်ဒိုဟာ ဖရီးကစ်အကြိမ်ပေါင်း (၆၅)ကြိမ်အထိကန်သွင်းခဲ့ပြီး အဲဒီထဲကမှ (၁)ကြိမ်သာဂိုးဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဖရီးကစ်ကနေ စီရော်နယ်လ်ဒို တစ်လုံးတည်းသောဂိုးသွင်းနိုင်ခဲ့တာက ဂျူဗီကစားသမားဘ၀ (၈၁)ပွဲမြောက်ဖြစ်တဲ့ ၂၀၂၀၊ ဇူလိုင်လတုန်းက တိုရီနိုနဲ့ပွဲမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင်နဲ့ နောက်ပိုင်းပွဲတွေမှာ ဖရီးကစ်ကန်သွင်းချက် (၆၄)ကြိမ်အထိရှိပေမယ့် တစ်ဂိုးမှမသွင်းနိုင်ခဲ့ပါဘူး။

ပိုဆိုးတာက အဲဒီ(၆၄)ကြိမ်ထဲက (၃)ပုံ(၂)ပုံပမာဏဖြစ်တဲ့ (၄၄)ကြိမ်ဟာ Wall တောင်မကျော်ခဲ့ဘဲ ပြိုင်ဘက်ကစားသမားတွေနဲ့ ထိပြီးလွဲချော်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းကို စီရော်နယ်လ်ဒိုမရောက်ခင်တုန်းက ဖရီးကစ်ကနေ ဂိုးသွင်းယူနိုင်မှုက (၂)နှစ်တာကာလအတွင်း (၇၄)ကြိမ်မှာ (၁၁)ဂိုးသာရှိခဲ့ပြီး ဖရီးကစ်စွမ်းဆောင်ရည် အားနည်းနေတာကြောင့် မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်အသင်းတို့မှာ ဖရီးကစ်ဘုရင်ဖြစ်ခဲ့တဲ့ စီရော်နယ်လ်ဒိုကို အဲဒီနေရာအတွက် အားကိုးခဲ့ပေမယ့် သူက ပိုဆိုးရွားနေတာလည်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် ဖရီးကစ်ကနေ (၄၆)ဂိုးအထိသွင်းယူခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းမှာတော့ သူ့ရဲ့ဖရီးကစ်စွမ်းရည်က မထင်မှတ်လောက်အောင် ကျဆင်းနေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလိုကတော့ စီရော်နယ်လ်ဒိုရဲ့ ဖရီးကစ်စွမ်းရည်နဲ့ပတ်သက်လို့ ကာကွယ်ပြောဆိုခဲ့ပြီး စီရော်နယ်လ်ဒိုဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ သူ့ရဲ့ ဖရီးကစ်ကန်တဲ့ပုံစံကို ပြောင်းလဲမှုတွေလုပ်ဖို့ ကြိုးစားလေ့ကျင့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။