Unicode Version
ဘာစီလိုနာအသင်း၏ နောက်ခံလူ ပီကေးဟာ ဒူးဒဏ်ရာကြောင့် (၃)ပတ်ဝန်းကျင် အနားယူရမည် ဖြစ်ပြီး PSG အသင်းနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်မည်ဟု သိရပါတယ်။
ပီကေးဟာ ဆီဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပွဲတွင် အဆိုပါဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒူးအရွတ် စုတ်ပြဲသွားခြင်းဖြစ်မည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သော်လည်း စစ်ဆေးမှုများအရ ဒူးအဆစ်လွဲသွားခြင်းသာဖြစ်ကြောင်း ဘာစီလိုနာအသင်းက ကြာသပတေးနေ့တွင် အတည်ပြုကြေညာခဲ့ပါတယ်။
သို့သော် ယင်းဒဏ်ရာကြောင့် (၃)ပတ်ဝန်းကျင် အနားယူရမည်ဖြစ်ရာ PSG နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲစဉ် အပါအဝင် ဘာစီလိုနာအသင်း၏ ပွဲစဉ်(၄)ပွဲခန့်ကို လွဲချော်မည်ဖြစ်ပါတယ်။
ပီကေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ယခုကဲ့သို့ ဒူးဒဏ်ရာရရှိမှုကြောင့် (၂)လခွဲခန့် အနားယူခဲ့ရပြီး PSG နှင့် ချန်ပီယံလိဂ်ပထမအကျော့ပွဲတွင်မှ ပြန်လည်ပါဝင်ကစားနိုင်ခဲ့ပါတယ်။
ပီကေးရဲ့ ဒဏ်ရာပြဿနာကြောင့် ဘာစီ လိုနာအသင်းသည် လက်ရှိအချိန်တွင် ကြံ့ခိုင်မှု ပြည့်ဝသည့် နောက်ခံလူ(၃)ဦးသာရှိတော့ပြီး လွန်းဂလတ်၊ အမ်တီတီနှင့် မင်ဂွယ်ဇာတို့ဖြစ်ကြောင်းလည်း AS က ဖော်ပြခဲ့ပါတယ်။