Spots news

ချန်ပီယံလိဂ်ဝင်ခွင့် အတွက်ပင် မသေချာတော့တဲ့ လီဗာပူးရဲ့ အခြေအနေ

Unicode Version

ယမန်နေ့က ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ပရီးမီးယားလိဂ်ပွဲမှာ (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့အတွက် လီဗာပူးလ်အသင်းဟာ ၂၀၁၆-၁၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လွှတ်ဆုံးရှုံးရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။

အဲဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ကွင်းလယ်လူမေဆင်မောင့်က (၄၂)မိနစ်မှာ ဖာဘင်ဟိုကို ကျော်ဖြတ်ပြီး လှလှပပကန်သွင်းယူခဲ့သလို အဲဒီဂိုးကြောင့် လီဗာပူးလ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်း(၅)ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ရာသီဝက်လောက်တုန်းက အိမ်ကွင်း(၆၈)ပွဲဆက်ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စိတ်ပျက်စရာရလဒ်တွေ ဆက်တိုက်ပိုင်ဆိုင်နေပြီး ချယ်လ်ဆီး၊ အဲဗာတန်၊ မန်စီးတီး၊ ဘရိုက်တန်၊ ဘန်လေတို့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနှစ်အတွင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၁၁)ပွဲမှာ (၁၀)မှတ်သာရယူနိုင်ခဲ့တာကြောင့် ဝက်စ်ဘရွန်း (၉မှတ်)၊ နယူးကာဆယ် (၇မှတ်)၊ ဆောက်သမ်တန် (၄မှတ်)တို့ပြီးရင် ၂၀၂၁ ခုနှစ်အတွင်းမှာ အမှတ်အနည်းဆုံးရရှိခဲ့တဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၆-၀၇ ရာသီကစပြီး အိမ်ကွင်းမှာ ပယ်နယ်တီ၊ OG ဂိုးတွေကို မပါဘဲ ဂိုးပေါက်ကန်သွင်းချက်အလိုက် ဂိုးသွင်းနိုင်မှုအနည်းဆုံးအသင်းစာရင်းမှာလည်း လီဗာပူးလ်ဟာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ဂိုးပေါက်ကန်သွင်းချက် (၉၉)ကြိမ်အထိရှိခဲ့ပေမယ့် တစ်ဂိုးမှမသွင်းနိုင်ခဲ့ဘဲ သူတို့ထက် ပိုဆိုးတာက မန်စီးတီး (၁၀၁ ကြိမ်/၂၀၀၇)၊ ပို့စ်မောက် (၁၁၄ကြိမ်/၂၀၀၈)တို့ပဲရှိပါတော့တယ်။

ဒီလိုရလဒ်ဆိုးတွေ ပိုင်ဆိုင်နေတဲ့ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံဘွဲ့ ကာကွယ်နိုင်ရေးမျှော်လင့်ချက်ကို ဆုံးရှုံးလိုက်ရပြီဖြစ်သလို ၂၀၁၆-၁၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်မယ့်အခြေအနေနဲ့ပါ ရင်ဆိုင်နေရပါပြီ။

လီဗာပူးလ်အသင်းအနေနဲ့ ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ မကြာခဏလွဲချော်ခဲ့ပြီး ၂၀၁၀-၁၁ ကနေ ၂၀၁၃-၁၄၂၀၁၅-၁၆နဲ့ ၂၀၁၆-၁၇ ရာသီတွေမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပါဘူး။

လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းဟာ (၄၃)မှတ်နဲ့ အဆင့်(၇)နေရာကို ကျဆင်းသွားပြီဖြစ်သလို အဆင့်(၄)နေရာက ချယ်လ်ဆီးအသင်းနဲ့ (၄)မှတ်ကွာဟနေပြီဖြစ်တာကြောင့် လက်ကျန်ပွဲတွေမှာသာ

ရလဒ်မကောင်းခဲ့ရင် လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ဖို့နီးစပ်နေပြီး သူတို့အတွက် နောက်ဆုံးမျှော်လင့်ချက်က ဒီရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲအောင်ကြိုးစားရတော့မှာပဲဖြစ်ပါတယ်။