Unicode Version
ပြင်သစ် လီဂူးပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းကတော့ အသင်းရဲ့ ဝါရင့်ဂိုးသမားကြီးဖြစ်သူ ကေလာနာဗက်စ် ရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် လက်ရှိအချိန်မှာ
အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာကို စတင်ပစ်မှတ် ထားလာခဲ့တယ်လို့ ဗြိတိန် သတင်းစာ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။
ပီအက်စ်ဂျီ အသင်းရဲ့ လက်ရှိဂိုးသမား ဖြစ်တဲ့ ကော်စတာရီကာ လက်ရွေးစင် ဂိုးသမား ကေလာနာဗက်စ် ဟာ လက်ရှိမှာ အသက်(၃၄)နှစ် အရွှယ်ရှိပြီ ဖြစ်တာကြောင့် နာဗက်စ်ရဲ့နေရာမှာ
ရေရှည် အစားထိုးသွားဖို့ အတွက် ဂိုးသမားတစ်ဦးကို ရှာဖွေနေရာ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ယူနိုက်တက် အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒီဂီယာကို ပစ်မှတ် ထားလာခဲ့တယ် လို့ သိရှိရပါတယ်။
အသက်(၃၀) အရွှယ်ရှိ စပိန် လက်ရွေးစင် ဂိုးသမား ဒီဂီယာဟာ ယူနိုက်တက် အသင်းမှာ ဆယ်စုနှစ် တစ်ခုနီးပါး ပါဝင်ကစားခဲ့သူ ဖြစ်ပေမယ့် လက်ရှိ အချိန်မှာတော့
သူရဲ့အနာဂတ် အခြေအနေ တွေက လှုပ်ခတ်လျက်ရှိနေပြီး လာမယ့် နွေစျေးကွက်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတယ်လို့ ကောလဟာလတွေ ထွက်ပေါ်လျက် ရှိပါတယ်။
ဒေးဗစ်ဒီဂီယာဟာ ဒီနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ နံပါတ်တစ် နေရာအတွက် အသင်းဖော်ဂိုးသမား ဒင်းဟန်ဒါဆန်နဲ့ အပြိုင် ဖြစ်နေပေမယ့် ဟန်ဒါဆန်ထက် ပွဲထွက်ခွင့်တွေ ပိုမိုရရှိနေသူဖြစ်ပြီး ဒီရာသီအတွင်း ပြိုင်ပွဲစုံ(၂၉) ပွဲ အထိကို ပါဝင်ကစား ထားခဲ့ရပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာ ယူနိုက်တက် အသင်းက အေစီမီလန် အသင်းရဲ့ အီတလီ ဂိုးသမားဖြစ်သူ ဒွန်နာရမ်မာကို အလွတ်bပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖွယ် ရှိနေပြီး ဒီဂီယာနဲ့
ဒင်းဟန်ဒါဆန် တစ်ဦးဦးကို ပြန်လည်ရောင်းချဖွယ် ရှိနေတာကြောင့် အနာဂတ် မရေမရာ ဖြစ်လာခဲ့တဲ့ ဒီဂီယာကို ပီအက်စ်ဂျီ အသင်းဘက်ကနေ စတင်ပစ်မှတ် ထားလာခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ စပါးအသင်းရဲ့ ပြင်သစ်ဂိုးသမားကြီး ဟူဂိုလိုရစ်ကိုလည်း ပစ်မှတ်ထားခဲ့ပေမယ့် လက်ရှိမှာတော့ လိုရစ်ထက် ဒီဂီယာကိုသာ ပြောင်းလဲပစ်မှတ်
ထားလာခဲ့ သလို ဒီဂီယာရဲ့ လက်ရှိ တစ်ပတ်လုပ်ခဖြစ်တဲ့ ပေါင်(၃၇၅၀၀၀)ကိုပါ ပေးချေသွားဖို့ကိုပါ အဆင်သင့် ရှိနေတယ်လို့ သိရှိ ရပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကလည်း ဒီဂီယာထက် ဒင်းဟန်ဒါဆန်ကိုသာ အသင်းမှာ ဆက်လက် ထိန်းသိမ်း ထားချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး
လာမယ့် နွေစျေးကွက် အတွင်းမှာတော့ အသင်းရဲ့ဂိုးသမား (၂) ယောက်ထဲကမှ (၁)ယောက်ကို မဖြစ်မနေ ရောင်းချ သွားရဖွယ် ရှိနေပါတယ်။